မျိုးစောင့်ဥပဒေ မဲခွဲစဉ်က မထောက်ခံသူများ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲ အနိုင်ရလျှင် မျိုးစောင့်ဥပဒေကို ဖျက်သိမ်းနိုင်သောကြောင့် ကာကွယ်မည့်ကိုယ်စားလှယ်လောင်းများကိုသာ မဲပေး ရွေးချယ်ရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)ဗဟိုဥက္ကဋ္ဌ ရွာမပဋိယတ္တိ စာသင် တိုက်ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသက သဝဏ်လွှာပေးပို့ကြောင်း အကျော်ဆရာတော် ဦးရေဝတကမိန့်ကြားသည်။
စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက် ပုလဲရတနာ လမ်းရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်အတွင်းပြုလုပ်သည့် မျိုးစောင့်ဥပဒေလေးရပ်အတည်ပြု ပြဋ္ဌာန်း သည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် ယင်းသို့ ပေးပို့သည့်သဝဏ်လွှာဖတ်ကြားရာတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
“မျိုးစောင့်ဥပဒေ လွှတ်တော်ကိုတင်သွင်းရာမှာမထောက်ခံသူ၊ ကန့်ကွက်သူများ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရသွားမယ်ဆိုရင် မြန်မာ့မျိုးစောင့်ဥပဒေကိုဧကန်မုချဖျက်ပစ်ကြမှာမလွဲဘူး။ ဒါကြောင့် မျိုးစောင့်ဥပဒေဖျက်မဲ့သူတွေကိုရှောင်ကွင်းပြီး မျိုးစောင့်ဥပဒေကာကွယ်မယ့် သူတွေကိုသာ ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်ကြဖို့ အဓိကလိုအပ်ပါတယ်” ဟု ဦးရေဝတကသဝဏ်လွှာကို ကိုးကား မိန့်ကြားသည်။
၁၉၆၁ ခုနှစ် သြဂုတ်လကုန်ပိုင်းက ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့ သော်လည်း ၁၉၆၂ ခုနှစ် အာဏာသိမ်းတော်လှန်ရေးကောင်စီက နိုင်ငံတော်ဘာသာဥပဒေကို နိုင်ငံတော် အစိုးရ တရားဝင်ခွင့်မပြုတော့သောကြောင့် မျိုးစောင့်ဥပဒေကိုလည်း ယခုကဲ့သို့ မဖြစ်စေရန် သတိပြုရန် လိုအပ်သည်ဟု ဆရာတော်ဦးရေဝတက သဝဏ်လွှာကို ကိုးကားမိန့်ကြားသည်။
မျိုးစောင့်ဥပဒေလေးရပ်အနက် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် လူမှုရေးဆိုင်ရာ ပြဿနာများကို ဥပဒေဖြင့်မထိန်းချုပ်သင့်ဘဲ ယင်းသို့ ပြဋ္ဌာန်းခြင်းကြောင့်ခြိမ်းခြောက်မှု ပြဿနာများ ပိုများ လာမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ဝေဖန်မှုများစွာထွက်ပေါ်ခဲ့သည်။
ထိုဥပဒေလေးရပ်ကိုမကျေနပ်၍ ကန့်ကွက်လိုသူများသည် နိုင်ငံသားအခွင့်အရေးအရ တစ်ဦးတည်းသော် လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကန့်ကွက်ပိုင်ခွင့်၊ ပြန်လည်ပြင်ဆင်ရေးတောင်းဆိုပိုင်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ရှိပြီး အစိုးရနှင့်လွှတ်တော်ကသာ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ပြီး မိမိတို့ဘက်ကလည်း အားနည်းချက်၊အားသာချက်များကိုဆွေးနွေးညှိနှိုင်းကာ အဖြေရှာနိုင်ကြောင်း မြန်မာအမျိုးသားရေးကွန်ရက် ဥက္ကဋ္ဌဦးဝင်းကိုကို လတ်ကမှတ်ချက်ပြု ပြောကြားသည်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၄၈ နှင့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဥပဒေအမှတ် ၂၈ အဖြစ် ပြဌာန်းခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment