ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် အချက်အလက်လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
ယခုထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် အမည်သတ်ပုံလွဲမှားခြင်း၊ အချက်အလက် လွဲမှားခြင်းများအပြင် ယခင်ထုတ်ပြန်စဉ်က အမည်ပါဝင်ခဲ့သူအချို့ ယခုထုတ်ပြန်ချက်၌ ပါဝင်လာမှုမရှိတော့ခြင်း၊ အမှားပြင် ဆင်ရန် လျှောက်ထားခဲ့သူအချို့ ၏ စာရင်းများ အမှားအတိုင်း ပြန်လည်ပါဝင်လာခြင်းနှင့် ယခုအကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် အက္ခရာစဉ်အလိုက် ပြောင်းလဲထုတ် ပြန်သည့်အတွက် ရှာဖွေရခက်ခဲမှုရှိခြင်း စသည့်ပြဿနာများ ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း 7Day Daily သတင်းစာအား အနယ်နယ်အရပ်ရပ်မှ ကိုယ်တွေ့ကြုံခဲ့ရသည့် ပြည်သူများက ပြောသည်။
သို့သော် မဲရုံအချို့ အချက်အလက်များ မှန်ကန်ပြီး ပြဿနာမရှိကြောင်းလည်း ကွင်းဆင်း မေးမြန်းမှုများ အရ သိရသည်။
အချို့နေရာများတွင် ယခင်ထုတ်ပြန်စဉ်က အမည်စာရင်းနှင့် အခြားအချက်အလက်များ လွဲမှားနေခြင်းကြောင့် ပြင်ဆင်ရန်လျှောက်ထားခဲ့သူအချို့ မူလအမှားအတိုင်း ပြန်လည်ပါဝင်လာသည့် ဖြစ်ရပ်များရှိနေသည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။
ထိုသို့ဖြစ်စဉ်မျိုးမှာ အခြားနေရာများတွင်လည်း ဖြစ်ပေါ်နေသည့်အတွက် ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်း ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုများစွာ ရှိနေသည်။‘‘တချို့က မဲအမည်စာရင်း ရှာရတဲ့ပုံစံပြောင်းသွားလို့ ရှာရ ခက်ပြီး မပါဘူးပြောတာရှိတယ်။ အရင်ပါခဲ့ပြီး အခုကျတော့တ ကယ်ပါမလာတဲ့သူတွေလည်းရှိ တယ်။ ကျွန်တော့်အသိထဲက သား အမိသုံးယောက်ဆို အဲဒီလိုဖြစ်တာ မယုံလို့ ကိုယ်တိုင် သူတို့အမည်စာရင်းတွေ ထပ်ရှာပေးကြည့်တာ။ တကယ်ပါမလာတာ တွေ့ရတယ်။ အဲဒီလိုရှိနေတော့ အရင်ပါတယ်ဆိုပြီး လာမကြည့်တဲ့သူတွေ ရွေးကောက်ပွဲကျမှ အတည်ပြုစာရင်းမှာ မပါမှန်းသိတဲ့အခါ မဲပေးခွင့်လည်းဆုံးရှုံးနိုင်သလို ပြဿနာတွေလည်းရှိလာနိုင်တယ်’’ဟု စမ်းချောင်း မြို့နယ် လင်းလွန်း (မြောက်)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်ကပြောသည်။
ထိုသို့ လွဲမှားမှုများရှိနေရခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းပြောကြားနိုင်ခြင်း မရှိသေးပေ။ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်များက ပေးပို့လာသည့် ပြင်ဆင်ရန် လိုအပ်သည့်အချက်များနှင့် မဲဆန္ဒရှင်စာရင်းကို နည်းပညာအကူအညီများ ပေးသော ကုမ္ပဏီက ပေးထားသည့်ပုံစံအတိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့က စာရိုက်ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ယခုလွဲမှားမှုဖြစ်ရပ်များမှာ နည်းပညာအားနည်းချက်ကြောင့် ဖြစ်နိုင်သော်လည်း တိတိကျကျ အကြောင်းပြစရာမရှိသေးကြောင်း စမ်းချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးစိုးမြင့်က ပြောသည်။
‘‘ကျွန်တော်တို့ဆီက စာစီစာရိုက်လုပ်တဲ့ ကလေးသုံးယောက်ပဲ ရှိတယ်။ သူတို့ကလည်း စာရိုက်တတ်ရုံ လောက်ပဲ။ ကျန်တဲ့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ နည်းပညာအပိုင်းအားနည်းတယ်။ ရွေးကောက်ပွဲအတွက် လုပ်ရတယ်ဆိုတာကလည်း အခုမှ ပထမဆုံး အတွေ့အကြုံပါ။ တခြားမြို့နယ်တွေလည်း ထိုနည်းလည်းကောင်းပဲ။ သုံးတဲ့ ကွန်ပျူတာဆော့ဖ်ဝဲကလည်း သူတို့ပေးထားတဲ့ ပုံစံအတိုင်းပဲ။ စက် တစ်ခုခုဖြစ်ရင် သူတို့ပဲ လာစစ်ပေးတာ။ အဲဒါနဲ့ပတ်သက်လို့ ကော်မရှင်ရုံးမှာ ကျွမ်းကျင်သူမရှိဘူး’’ဟု ဦးစိုးမြင့်က ပြောသည်။
ထို့ကြောင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အချို့ကမူ ယခုကဲ့သို့ လွဲမှားခြင်းမှာ မသမာမှု ကြောင့် လွဲမှားရခြင်းမျိုးမဟုတ်ဘဲ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ဆိုသည်ကို စိစစ်ပေးနိုင်ရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်အလိုက်တင်ပြမှုများ ပြုလုပ်ထားသည်ဟု သိရသည်။
ယခင်အချိန်က အမည်စာရင်းပါဝင်ပြီး ယခုအကြိမ် အမည်ပါဝင်မှုမရှိခဲ့ခြင်းမှာ ဖြစ်နိုင်ခြေနည်းပါးပြီး မဲစာရင်းထုတ်ပြန်ပုံအပြောင်းအလဲကြောင့် အမြင်လျှမ်းကာ ရှာမတွေ့ခြင်းများလည်းဖြစ်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးညွှန်ကြားရေးမှူးဦးသောင်းလှိုင်ကမူ ပြောသည်။
ထို့အပြင် ယခုတစ်ကြိမ် ထုတ်ပြန်သည့်စာရင်းတွင် မဲဆန္ဒရှင်အမည် ဖော်ပြရာ၌ ယခင် ထုတ်ပြန်မှု ပြုလုပ်ခဲ့သည့် နည်းလမ်းအတိုင်းမဟုတ်ဘဲ အိမ်နံပါတ်အတိုင်းစဉ်ခြင်း၊ အမည်မှအက္ခရာစဉ်အလိုက် ဖော်ပြထားသည့်အတွက် အမည်စာရင်းရှာဖွေရသည်မှာ ရှုပ်ထွေးမှုရှိသည်ဟုဆိုကာ ဝေဖန်မှုများလည်း ရှိနေသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခုအကြိမ် ထုတ်ပြန်မှုတွင် မဲစာရင်းရှာဖွေရမှု ပိုမိုလွယ်ကူစေရန် အိမ်နံပါတ်စဉ်အလိုက် ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။
‘‘ကျွန်တော်တို့ အခုသုံးတဲ့ပုံစံက တစ်နိုင်ငံလုံး ဒီအတိုင်းပါပဲ။ နေရာဒေသအလိုက် ကွဲပြားမှုမရှိဘူး။ တချို့က သိပ်သဘောမပေါက်လို့ နေမှာ’’ ဟု ၎င်းက ပြောသည်။ သို့သော် မန္တလေးမြို့ တွင်မူ အိမ်နံပါတ် စဉ်အလိုက် မဟုတ်ဘဲ လူအမည် အက္ခရာအစဉ်လိုက်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောသည်။
ထိုသို့လွဲမှားမှု၊ အဆင်မပြေမှုများရှိနေခြင်း စသည့်ဖြစ်စဉ်များကြောင့် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အပေါ် လူထု၏သံသယရှိနေမှုကို ပိုဆိုးသွားစေနိုင်သကဲ့သို့ ယင်းဖြစ်ရပ်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးကော်မရှင်များနှင့် ရပ်ကွက်တွင်းနေ ပြည်သူများအကြား အထင်အမြင်လွဲမှားမှု များရှိသွားနိုင်ကြောင်း ဦးအောင်လွင်က ပြောသည်။ ၎င်းတို့ မဲစာရင်းကြေညာရာ နေရာသို့ အချက်အလက်မှားယွင်း၍ နေ့စဉ် ပြန်လည်ပြင်ဆင်မှုများ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကမဲစာရင်းတွင် အမည်ကျန်ရစ်ပါက ထည့်သွင်းနိုင်ရန်နှင့် အမှား ပြင်ဆင်နိုင်ရန် စက်တင်ဘာ ၂၇ ရက်အထိ စောင့်ဆိုင်းပေးမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက မည်သည့်ပြင်ဆင်ချက်မျှ ပြုလုပ်ပေးနိုင်တော့မည် မဟုတ်ဟု ဦးသောင်းလှိုင်က ပြောသည်။
ယခုအကြိမ်မဲစာရင်းသည် ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးထုတ်ပြန်မှုဖြစ်ပြီး အမှားပြင်ဆင်ခွင့် လျှောက်ထားသူများ၊ အမည်ကျန်ရစ်သူများအား ဆန္ဒမဲပေးပိုင်ခွင့်စာရင်းထဲပါ၊ မပါကိုသက်ဆိုင်ရာရပ် ကျေးကော်မရှင်များက အကြောင်းပြန်သွားမည်ဟု ဆိုသည်။
‘‘အဲဒီသူတွေက အခုတင် လိုက်တယ်။ ကော်မရှင်က ခုနစ်ရက်အတွင်း အကြောင်းမပြန်ရင် မဲစာရင်းထဲပါပြီ မှတ်လို့ ရတယ်။ ကွဲလွဲချက်တွေ ရှိတယ်။ အထောက်အထားတွေ မမှန်ဘူးဆိုရင် အဲဒါပြန်မေးလိမ့်မယ်’’ဟု ဦးသောင်းလှိုင်ကပြောသည်။
ယခု ထုတ်ပြန်သော မဲစာရင်းတွင် ဧည့်စာရင်းဖြင့် နေထိုင်သူများမပါသေးကြောင်းလည်း ရပ်/ကျေး၊ မြို့နယ် ကော်မရှင်အဖွဲ့ဝင်နှင့် ပြည်သူများက ပြောသည်။
No comments:
Post a Comment