ယမန်နေ့ညက ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်များတွင် ချယ်လ်ဆီးနှင့်ဘိုင်ယန်မြူးနစ်တို့ ဂိုးပြတ်အနိုင်ရလဒ်များဖြင့်အောင်ပွဲခံခဲ့ပြီး လက်ရှိချန်ပီယံဘာစီလိုနာမှာမူ အဝေးကွင်းတွင်ရိုးမားကို သရေသာကစားနိုင်ခဲ့သည်။
အင်္ဂလန်ချန်ပီယံ ချယ်လ်ဆီးသည် အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် မက္ကာဘီတဲလ်အဗစ်ကို ၄-၀ ဖြင့် အပြတ်အသတ် အနိုင်ယူကာ ပရီးမီးယားလိဂ် ရလဒ်ဆိုးများမှ ရုန်းထနိုင်ခဲ့သည်။ ပွဲချိန် ၆ မိနစ်တွင် ဝီလျံ ထိုးဖောက်လာသည်ကို မက္ကာဘီ ဂိုးသမား ဟန့်တားပုံကြမ်းသဖြင့် ချယ်လ်ဆီး ပင်နယ်တီ ကန်ခွင့်ရသည်။ ယင်းကို အီဒင်ဟာဇက် ကန်သွင်းသော်လည်း ဂိုးဘားတန်းပေါ်ကျော်ထွက်သွားသည်။ ၁၅ မိနစ်တွင် ကွင်း၏ သုံးချိုး တစ်ချိုးခန့်မှ ပြစ်ဒဏ်ဘောကို ဝီလျံကလှမ်းကန်ရာ မြေတစ်ချက်ထောက်ပြီး ဂိုးတိုင် ထောင့်ထဲဝင်သွားသဖြင့် ချယ်လ်ဆီးတို့ ဦးဆောင်ဂိုးရရှိသည်။ပထမပိုင်းပြီးခါနီးတွင် လူစားဝင်တိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ ထိုးဖောက်မှုကို မက္ကာဘီခံစစ်က ဖျက်ပုံကြမ်းသဖြင့် ချယ်လ်ဆီး ပင်နယ်တီ ထပ်ရသည်။ ယင်းကို အော်စကာက အမှားအယွင်းမရှိကန်သွင်းကာ ဒုတိယဂိုးရယူနိုင်ခဲ့သည်။ ၅၈ မိနစ်တွင်ကွင်းလယ်မှ ဆက်စ်ဖာဘရီဂက်စ် ခုပ်တင်ပေးလိုက်သည့် ဘောလုံးကို တိုက်စစ်မှူး ကော်စတာ က ဧရိယာထဲမှမြေမကျကန်ချက်ဖြင့် လှလှပပဂိုးသွင်းပြီး ချယ်လ်ဆီးတို့ ၃-၀ ဖြင့် ပွဲကို ဦးဆောင်သည်။ ချယ်လ်ဆီးအတွက် အပိတ်ဂိုးကိုမူ ဖာဘရီဂက်စ်ကသွင်းယူသည်။တန်ပြန်တိုက်စစ်မှ ချယ်လ်ဆီး ထိုးဖောက် လာပြီး တိုက်စစ်မှူး လွိုက်ရိုင်မီကန်သွင်းသည့် ဘောလုံးကိုဂိုးသမားပုတ်ထုတ်သော်လည်း ဖာဘရီဂက်စ်က အလိုက်သင့် ပိတ်သွင်းသွားခြင်းဖြစ်ပြီး ချယ်လ်ဆီးတို့ အုပ်စုအဖွင့်ရလဒ် လှပခဲ့သည်။
ဂရိမြေတွင် သွားရောက်ကစားသော်လည်း ဂျာမန်ချန်ပီယံ ဘိုင်ယန်သည် အိုလံပီယာကော့စ်ကို ၃-၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။ ပထမပိုင်း ဂိုးမရှိ သရေကျနေသော်လည်း ဒုတိယပိုင်း ပြန်စပြီး ၆ မိနစ်တွင် ဘိုင်ယန်မှ သောမတ်စ်မူလာက ဂိုးစတင်သွင်းယူခဲ့သည်။ ညာခြမ်းတွင် ဘောလုံးရနေချိန်၌ တစ်ဖက်ဂိုးသမား အတန်ငယ်ရှေ့ထွက်နေသည်ကို မူလာကပါးနပ်စွာအသုံးချပြီး တိကျလှပသည့် အဝေး ကန်ချက်ဖြင့် အမြောက်ကန်သွင်းသွားခြင်း ဖြစ်သည်။ ပွဲပြီးခါနီးတွင် ဂျူဗင်းတပ်စ်မှအငှားခေါ်ယူထားသည့် လူငယ် တောင်ပံကစားသမားလေး ကင်စလေ ကိုးမန်း ချိုးပေးသည်ကို မာရီယို ဂေါ့ဇီက ဧရိယာထဲတွင် အပိုင်ပိတ်သွင်းကာ ဘိုင်ယန်တို့ ဒုတိယဂိုး ရရှိသည်။ နာကျင်အချိန်ပို နောက်ဆုံးမိနစ်ပိုင်းတွင်မူ ကိုးမန်း ဝင်တိုးသည်ကို ပြိုင်ဘက်အသင်းဖျက်ပုံကြမ်းသဖြင့် ဘိုင်ယန်ပင်နယ်တီရပြီး ယင်းကိုမူလာက အပိုင်ကန် သွင်းကာ ဂိုးပြတ်အနိုင်ရလဒ် ဆောင်ယူနိုင်ခဲ့သည်။
ရောမမြေတွင် ရိုးမားနှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်မှာလည်း အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက် တစ်ဂိုးစီဖြင့်သရေကျသွားသည်။ပွဲချိန် ၂၁ မိနစ်တွင် အမြင့်မှကျလာသည့် ဘောလုံးကို အိုင်ဗန်ရာကီတစ်ကတားယူပြီး ဧရိယာထဲမှအနီးကပ် ဖြတ်ပို့သည်ကို လူးဝစ်ဆွာရက်ဇ်က အပိုင် ခေါင်းတိုက်ပြီး ဘာစီလိုနာအသင်းပွဲကို ဦးဆောင်သည်။ သို့သော်လည်း အဆိုပါဦးဆောင်မှုသည် ၁၀ မိနစ်သာခံခဲ့ပြီး အလက်ဇန္ဒရို ဖလော်ရန်ဇီ၏ အံ့ဖွယ်သွင်းဂိုးဖြင့် အိမ်ရှင်တို့က ချေပဂိုးရယူသွားသည်။ ဘာစီလိုနာ ဂိုးသမား မက်အန်ဒရီ တာစတီဂျန် ရှေ့ထွက်နေချိန်၌ ဖလော်ရန်ဇီက အလွန်တိကျ လှပသည့် အဝေးကန်ချက်ဖြင့် ဂိုးသွင်းသွားခြင်း ဖြစ်သည်။ ထို့နောက် နှစ်ဖက်စလုံး ဂိုးသွင်းခွင့်များ ထပ်ရသော်လည်း ဂိုးသမားများ လက်စွမ်းပြနေသဖြင့်သွင်းဂိုးအရေအတွက်တိုးမလာချေ။၇၇ မိနစ်တွင် ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ဧရိယာထဲမှကန်သွင်းသောဘောလုံးလည်း ဂိုးဘားတန်း ထိထွက်သွား သဖြင့် ၁-၁ ဖြင့်သာ ပွဲပြီးသွားခဲ့သည်။
အာဆင်နယ်အသင်းမှာမူ ခရိုအေးရှားမြေတွင် ၂-၁ ဖြင့် ၏အရေးနိမ့်ကာ အခြားအင်္ဂလန် ကလပ် များဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီးတို့ လမ်းစဉ်ကိုလိုက်ကာ ချန်ပီယံလိဂ် အုပ်စုအဖွင့်၌ အရေးနိမ့်သွားခဲ့သည်။ ၂၄ မိနစ်တွင် ဒိုင်နမိုဇာဂရက်ဘ်ကွင်းလယ်မှ ခင်းပေးလိုက်သည့် ဘောလုံးကို ဂျိုဆစ်ပ် ပီဗာရစ်က ဧရိယာထဲမှကန်သွင်းကာပွဲကို ဦးဆောင်ခဲ့သည်။ ပွဲချိန် မိနစ် ၄၀ တွင် အာဆင်နယ်တိုက်စစ်မှူး အိုလီဗီရာဂျီရူး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသဖြင့် အင်္ဂလန်ကလပ်သည် အဝေးကွင်းတွင်တစ်ယောက်လျော့ဖြင့် ရုန်းကန်ခဲ့ရသည်။၅၈ မိနစ်တွင် ပေါ်လိုမာချာဒို ကန်တင်ပေးသည့် ထောင့်ကန်ဘောကို ဂျူနီယို ဖာနန်ဒက်ဇ်က ခေါင်းတိုက်သွင်းက ဒိုင်နမိုက ၂-၀ ဖြင့် ဦးဆောင်လာခဲ့သည်။ ၇၉ မိနစ်တွင်မူ ဒိုင်နမို၏ အမှားမှတစ်ဆင့် အာဆင်နယ်ကတန်ပြန်တိုက်စစ်အစပြုပြီး အလက်ဆစ် ဆန်းချက်ဇ်ချပေးသော ဘောလုံးကို သီအိုဝဲလ်ကော့က ဆွဲယူကန်သွင်းကာ ချေပဂိုးတစ်ဂိုး ပြန်လည် ရယူသွားခဲ့သည်။
No comments:
Post a Comment