ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းတိုင်းဒေသကြီးမဲဆွယ်ခရီးစဉ်အတွင်း ဟုမ္မလင်းမြို့သို့ ရောက်ရှိချိန်တွင် လာရောက်နှုတ်ဆက်သည့် ဟုမ္မလင်းမြို့ခံတစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံရေးများက ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့သို့ ခန္တီးမြို့မှ ချင်းတွင်းမြစ်အတိုင်း ရေကြောင်းခရီးစဉ်ဖြင့် စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ရာ ဆိပ်ကမ်းအလုပ်သမားတစ်ဦးက လူအုပ်ထဲမှထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား လက်ဆွဲနှုတ်ဆက်ရန် ကြိုးစားသဖြင့် NLD လုံခြုံရေးများက တွန်းထုတ်လိုက်ကြောင်း၊ ထိုလူက ဒေါ်အောင်ဆန်းစုကြည်အနီး ပြန်ကပ်ရန် ကြိုးစားချိန်တွင် လုံခြုံရေးများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့ခံ ဦးအောင်ထွန်းက ပြောကြားသည်။
“ဆိပ်ကမ်းအလုပ်သမားတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆွဲနှုတ်ဆက်ချင်လို့ ထင်ပါတယ်။ အတင်းတိုးတော့ ဒေါ်စုလုံခြုံရေးတွေက ပထမတွန်းလွှတ်တယ်။ အဲဒါကို ဟိုလူက ထပ်တိုးတော့ လုံခြုံရေး ၂ ယောက်က လက်သီးနဲ့ ၂ ချက်၊ ၃ ချက် ထိုးလိုက်တာတွေ့တယ်။ ဆိပ်ကမ်းအလုပ်သမားဆိုတော့ဗျာ၊ ဘောင်းဘီတိုနဲ့ စွပ်ကျယ်နဲ့ ပေါ့။ ပုဆိုးနဲ့ တိုက်ပုံနဲ့ ဆိုရင် ဒီလိုဆက်ဆံကြမှာ မဟုတ်ဘူး။ အလုပ်သမား နင်းပြားတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် NLDတွေက ဒီလိုဆက်ဆံတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိသလို NLD ဆိုတာ ဆင်းရဲသားတွေဖက်က ရပ်တည် ပေးပါ့မလားလို့ သံသယဖြစ်မိ တယ်” ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လူကြီးများကိုသာ ဂရုစိုက်ပြီး ကျန်သူများကို လူမထင်ကြောင်း ဒေါ်စုခရီးစဉ်တွင် လိုက်ပါသတင်းယူနေသည့် သတင်းထောက် တစ်ဦးကလည်း ပြောကြား ခဲ့သည်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးများသည် လိုအပ်သည်ထက် ပို၍ အာဏာပြနေပြီး စက်တင်ဘာလဆန်း ရှမ်းပြည်နယ်ခရီးစဉ်တွင်လည်း အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးကို အနီးကပ်လုံခြုံရေးတစ်ဦးက တွန်းဖယ်လိုက်သဖြင့် ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် မန္တလေးမြို့ခံတစ်ဦးကပြောကြားသည်။
“မြို့ရွာတွေမှာ ပြည်သူတွေ သိပါတယ်။ NLD က လူတွေ ဘယ်သူ့မှဂရုမစိုက်တဲ့ အပြုအမူတွေ လုပ်နေတာ ကြာပြီ။ ဥပဒေဆိုတာလည်း မရှိဘူး။ လူပါးဝတယ်လို့ပဲ ပြောရမယ်။ ဒေါ်စုအရှိန်နဲ့ လုပ်ချင်ရာလုပ်နေကြတာ။ အရင်တုန်းကတော့ အဖိနှိပ်ခံပါတီဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် အခုကျတော့ အခွင့်ထူးခံ ဖြစ်လာနေပြီ။ ပြောရရင် အရပ်ထဲ ရွာထဲမှာ လူမိုက်တွေ၊ လူဆိုးတွေ ဖြစ်ခဲ့တဲ့သူတွေက NLD ပါတီဝင်ပြီး အခု ဆရာကြီးလိုလို လုပ်လာနေကြတာ နေရာတိုင်းမှာပဲ။ အခုဆိုရင် ပြည်သူလူထုကို ထိုးတာကြိတ်တာ၊ ရိုက်တာနှက်တာတွေ ဖြစ်လာနေပြီ။ ဒါတောင် အာဏာတောင် မရသေးဘူး။ အာဏာများ ရသွားရင် ဘယ်လို ဖြစ်လာမယ် မသိသေးဘူး။ အင်္ဂလိပ်ထွက်သွားတော့ ဖက်ဆစ်ဂျပန် ၀င်လာသလိုမျိုး ဖြစ်လာမလား မသိဘူး။ အခုတော့ ပင်နီတွေကို ကြောက်နေရတဲ့ အဖြစ်မျိုး ဖြစ်လာနေပြီ။ မိုက်ရိုင်းတာကတော့ သံဃာတော်တွေ၊ ဆရာတော်တွေလည်း မရှောင်၊ လူကြီးသူမလည်း မရှောင် ဆဲဆိုနေတာတွေ မမြင်ချင်မှ အဆုံးပါပဲ။ သွားမှာပါ။ ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုသလိုပဲ ဒီကောင်တွေ သူ့စရိတ်နဲ့သူ သွားတော့မှာပါ” ဟု ၎င်းက ပြောသည်။
No comments:
Post a Comment