Saturday, September 19, 2015

ပြောင်းလဲချိန်တန်လို့ ကျွန်တော် NLD ကို မဲမပေးပါ

လူတစ်ချို့က အပြောင်းအလဲကိုလိုချင်လို့ NLD ကို မဲပေးမယ် ပြောတယ်။ ကျွန်တော်ကတော့ NLD က အပြောင်းအလဲကို မဖော်ဆောင်နိုင်ဘူးထင်လို့၊ NLD မပါမှ အပြောင်းအလဲ ဖြစ်မယ်ထင်လို့၊ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံက ပြောင်းလဲချိန်တန်နေပြီ ဖြစ်လို့ NLD ကို မဲမပေးပါလို့ ပြောချင်တယ်။

NLD က ၁၉၈၈ ကနေဖွဲ့စည်းခဲ့တာ အခုဆိုရင် ၂၇ နှစ်ကျော်ပါပြီ။ စဖွဲ့ထဲကနေ အခုထိ ဘာလုပ်ဖို့လဲ ဆိုတာမေးရင် ဒီမိုကရေစီဆိုတာ ခဏထား၊ အာဏာရရေးအတွက်ဆိုတာ ကျွန်တော်ယုံတယ်။ NLD ကို ဖိနှိပ်ခဲ့တယ် လို့ ပြောကြတယ်။ ဖိနှိပ်ခဲ့ရအောင် လုပ်ခဲ့တယ်ဆိုတာလဲ ကျွန်တော်သိတယ်။ အချိန်တိုင်း စကားမတည်ခဲ့တာ NLD ကိုယ်တိုင်ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ ၂၀၁၂ မှာ ပြန်ဝင်လာတယ်။ ကြားဖြတ်မှာ အနိုင်ရပေမယ့် NLD က ခွဲထွက်လာတယ်ဆိုတဲ့ NDF လောက်တောင် ဒီ ၃ နှစ်အတွင်း ဘာမှ မလုပ်နိုင်ခဲ့တာ လွှတ်တော်မှတ်တမ်းတွေ ပြန်ဖတ်ရင် သိသာပါတယ်။

အခုရွေးကောက်ပွဲအတွက် NLD ရဲ့ ကြေညာစာတမ်း ထွက်လာတယ်။ အစိုးရဖွဲ့ဖို့ ပြောတယ်။ သမ္မတ ဘယ်သူ လုပ်မယ်ဆိုတာတောင် မကြေညာနိုင်တဲ့ ပါတီ၊ သမ္မတလောင်းဖြစ်နိုင်ခြေတောင် မမှန်းဆနိုင်တဲ့ ပါတီက အစိုးရ ဖွဲ့နိုင်မယ်ဆိုတာလဲ ကျွန်တော် မယုံပါဘူး။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို NLD က အကောင်အထည်ဖော်နိုင်မယ်ဆိုတာ ကျွန်တော် လက်မခံဘူး။ ဘယ်တုန်းကမှ အဲဒီအရေးတွေကို တစ်စွန်းတစ်စလေးတောင် မလုပ်ခဲ့တဲ့ပါတီက ရွေးကောက်ပွဲကျမှ ဒီအရေးတွေ အကောင်အထည် ဖော်ပါ့မယ်ပြောတာ ဘယ်လိုမှ ယုံကြည်မပေးနိုင်ပါဘူး။ ပင်လုံနဲ့ဖယ်ဒရယ်ဆိုတဲ့ စကားလုံးကိုသုံးပြီး သယံဇာတတွေကို ခွဲပေးမယ်ဆိုတဲ့ ကြေညာချက်နဲ့တင် သယံဇာတကြွယ်ဝတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေ အကြိုက်မဲဆွယ်တယ်ဆိုပြီး ကျွန်တော်သုံးသပ် လိုက်တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြိုးစားမယ်ဆိုတာတော့ ကြေညာချက်ထဲ မပါလဲ အားလုံးသိပြီးသားပါ။ အခြေခံမူကိုပြင်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ စကားလုံးနဲ့ မြန်မာကိုတောင် ဘားမားလို့အမြဲသုံးနှုံးခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်အပေါ် ကျွန်တော် မယုံကြည်ပါဘူး။ တည်ငြိမ်အေး ချမ်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကလွဲရင် ဘာပြည်ထောင်စုမှ မပြောင်းလဲချင်တဲ့အတွက် ကျွန်တော် NLD ကို မဲမပေးပါဘူး။

အုပ်ချုပ်မှုစနစ်မှာ ၀န်ကြီးဌာနတွေကို လျော့ချမယ်ဆိုတာ လက်ခံပေမယ့် NLD က လျော့ချမယ့် အစီအစဉ်ကို ကျွန်တော်သဘောမကျပါဘူး။ အစိုးရဖွဲ့ပြီး ၀န်ကြီးအဆင့်လုပ်နိုင်တဲ့သူတောင် လက်ရှိ မတွေ့သေးတဲ့ ပါတီက ၀န်ကြီးဌာနတွေလျော့ချပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ စကားလုံးဟာ ယုတ္တိ ရှိတယ်လို့ မထင်ပါဘူး။အဂတိ ကင်းစင်အောင်လုပ်မယ်ဆိုပြီး ပြောပေမယ့် တရားဥပဒေစိုးမိုးရေး ကော်မရှင်ဥက္ကဌ ၃ နှစ်သက်တမ်းမှာ ဘာအဂတိကင်းစင်မှုမှ မဆောင်ရွက်နိုင်တာကလဲ သက်သေရှိနေ ပါတယ်။

ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ဘယ်လိုဆောင်ရွက်မယ်ဆိုပြီး ကြေညာပေမယ့် လက်ရှိတပ်မတော်နဲ့ ရဲတပ်ဖွဲ့ အနေအထားကို စော်ကားတဲ့အသုံးအနှုံးတွေကြောင့် စိတ်ပျက်မိပါတယ်။ တပ်မတော်ကို ဂုဏ်သိက္ခာရှိအောင် NLD မှ လုပ်နိုင်သယောင် ကြေညာတာဟာလဲ တပ်မတော်ကို စော်ကားသလို ဖြစ်စေတယ်။ အဆိုးဆုံးကတော့ အစိုးရဖွဲ့မယ်၊ တပ်မတော်နဲ့ နိုင်ငံတော်ကာကွယ်ရေး ယန္တရားတစ်ခုလုံး ကို အုပ်ချုပ်မှုမဏ္ဍိုင်အောက်မှာထည့်မယ်ဆိုတာနဲ့ ဖယ်ဒရယ်ထူထောင်မယ်ဆိုတဲ့ စကားဆက်စပ်မှုဟာ တိုင်းပြည်ပြိုကွဲစေလောက်တဲ့အထိ အခြေအနေတွေ ဖြစ်စေနိုင်ပါတယ်။

နိုင်ငံခြားဆက်ဆံရေးမှာဆိုရင်လည်း စစ်မှန်သော ဒီမိုကရေစီအခြေခံများဘက်က ခိုင်မာစွာရပ်တည်မယ် ဆိုတဲ့စကားလုံးဟာ မြန်မာနိုင်ငံရဲ့ကျင့်သုံးနေတဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို လုံးဝပျက်စီးစေလို့ လက်မခံ နိုင်ပါဘူး။ အနောက်မျှော်ဝါဒကို ကျင့်သုံးမယ်ဆိုတာ အလွန်သိသာနေပါတယ်။ ပညာရေးနဲ့ပတ်သက်လာရင် ဖယ်ဒရယ်ပြည်ထောင်စုမူနဲ့အညီ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှု အပေါ် အားပေးမြှင့်တင်နိုင်မည့် ပညာရေးစနစ်ကို ကျင့်သုံးမယ်ဆိုတာဟာလဲ လက်တွေ့နဲ့ကင်းကွာပြီး အကောင်အထည်ဖော်နိုင်မယ့်သူ မရှိတဲ့ ကြေညာချက်လို့ပဲ မြင်ပါတယ်။

နောက်ဆုံးပြောရရင် အစောပိုင်း ဒွိဟဖြစ်နေတဲ့ NLD ကို အားပေးသင့် မပေးသင့်ဆိုတဲ့ စဉ်းစားမှုဟာ NLD ရဲ့ ကြေညာစာတမ်းဖတ်ပြီးတဲ့အချိန်မှာ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ပြောင်းလဲဖို့ အချိန်တန်နေပါပြီ။ ပါတီပေါင်းစုံပါဝင်ပြီး ဟန်ချက်ညီတဲ့ အစိုးရတစ်ရပ် ဖြစ်တော့မယ့်အချိန်မှာ ကိုယ့်မဲတစ်ခုကြောင့် နောက်ကြောင်းပြန်ဆွဲမယ့် ပါတီကို အာဏာမပေးနိုင်တော့ပါဘူး။ ကျွန်တော်တို့ နိုင်ငံက ပြောင်းလဲဖို့အချိန်တန်နေပြီဖြစ်လို့ ကျွန်တော် NLD ကို မဲမပေးပါ။
ဦးတိမ်မှတ်ချက်။ နိုင်ငံသားတစ်ယောက်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်။ လွတ်လပ်စွာ ဆွေးနွေးချင်တယ်ဆိုရင်လဲ NLD ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကို ဖတ်ပြီး ဆွေးနွေးနိုင်ပါတယ်။ နိုင်ငံရေးမှာ မဲပေးခွင့်ရတဲ့ လူတစ်ယောက်ဖြစ်လို့ ကိုယ့်နှစ်သက်ရင်နှစ်သက်တယ်။ မနှစ်သက်ရင် မနှစ်သက်ဘူး။ လွတ်လပ်စွာ ပြောဆိုပါတယ်။
Myo Zaw Aye

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ