Wednesday, September 16, 2015

ရွေးကောက်ပွဲကာလ ပဋိပက္ခဖြစ်နိုင်မည့် အခြေအနေများကို ထိန်းကျောင်းပေးရန် ကိုးနိုင်ငံတောင်းဆို

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဘာသာရေးကိုအသုံးချသည့် ပဋိပက္ခများဖြစ်ပေါ်လာနိုင်သည့် အခြေအနေကိုစိုးရိမ်ပူပန်သဖြင့် ထိုကဲ့သို့ ဖြစ်ပေါ်လာခြင်းမရှိစေရေး အစိုးရ၊ကော်မတီ၊ နိုင်ငံသားများ အပါအ၀င် သက်ဆိုင်သူအားလုံးထိန်းကျောင်းပေးပါရန် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်အပါအ၀င် နိုင်ငံပေါင်း ကိုးနိုင်ငံက တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံ သံရုံးတို့ စုပေါင်းထုတ်ပြန်သည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ပူးတွဲ ကြေညာချက်၌ အထက်ပါအချက်ကို ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် အဆိုပါကိုးနိုင်ငံက ကူညီပံ့ပိုးနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

မြန်မာနိုင်ငံတွင် အရပ်ဘက်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ဖူးသောသာဓကများရှိ၍ ရွေးကောက်ပွဲများ ငြိမ်းငြိမ်း ချမ်းချမ်းဖြစ်စေရန်သည်းခံစိတ်နှင့် အပြန်အလှန်လေးစားစိတ်ထားရှိကာ အသိအမြင်ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးကြပါရန် ရွေးကောက်ပွဲနှင့်သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့်ဘာသာရေးအဖွဲ့ အစည်းများမှခေါင်းဆောင်များ၊ နိုင်ငံသားများအား လုံးကို တောင်းဆိုထားသည်။ 

ထို့အပြင်ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများနှင့်ဥပဒေများကို ပြဋ္ဌာန်းသုံးစွဲရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီ မခွဲခြားဘဲမျှတသည့်ဥပဒေတစ်ရပ်ဖြစ်စေရန်၊ပွင့်လင်းမြင်သာမှုရှိရန် ထပ်မံတောင်းဆို ထားသည်။ 

သက်ဆိုင်ရာလွှတ်တော်များအတွက် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ဘာသာရေးကိုအကြောင်းပြု၍ မဲဆွယ်စည်းရုံးခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်ပြောဆို၍ မဲဆွယ်ခြင်း၊ ပါတီ အချင်းချင်း ပုတ်ခတ် ပြောဆို၍ မဲဆွယ်ခြင်းများ မပြုလုပ်ရန် တင်းတင်းကျပ်ကျပ်တားမြစ်ထားသည်။ 

အဆိုပါကိုးနိုင်ငံက ရွေးကောက်ပွဲကာလမှသည် ၂၀၁၆အစိုးရသစ်တစ်ရပ် ထူထောင်ဖွဲ့စည်းပြီးသည်အထိ အနီးကပ်စောင့်ကြည့်လေ့လာမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ