Tuesday, September 15, 2015

NLD တောင်ပြိုကမ်းပြိုနိုင်ပါ့မလား

၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြိုနိုင်ဖို့ မျှော်လင့်နေဟန်ရှိပါတယ်။ ဒါပေမယ့် ၉၀ ရွေးကောက်ပွဲတုန်းက နိုင်ခဲ့ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် တော်လို့မဟုတ်ဘဲ ၈၈ ကျောင်းသားတွေကြောင့်ဖြစ်ကြောင်း၊ ပြည်သူတွေက ထွက်ပေါက်တစ်ခုလိုချင်တာကြောင့် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်က ဆိုပါတယ်။ အလားတူ ၂၀၁၂ ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုတာကလည်း မဲဆန္ဒနယ် ၄၀ ကျော်သာရှိပြီး အားလုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စည်းရုံးခဲ့တာကြောင့် တစ်ကြောင်း၊ ပြည်ခိုင်ဖြိုးအပါအဝင် အခြားပါတီများက အပြိုင်အဆိုင် အလုအယက်မဲဆွယ်မှုမရှိခဲ့တာက တစ်ကြောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲက ၂၀၁၂ ထက် မဲဆန္ဒနယ် ၁၀ ဆပိုများလာသလို ၁၉၉၀ တုန်းကလို တစ်ပါတီ အာဏာရှင်စနစ် မဟုတ်တော့ပါဘူး။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံတွေက ရွေးချယ်ထားတာ မဟုတ်ဘဲ ဗဟိုက ရွေးချယ်ထားခြင်းကြောင့် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု အားနည်းနေတာ တွေ့ရပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရော ကာယကံရှင် ကိုယ်စားလှယ်လောင်းတွေရော သိကြပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို တွင်တွင်ကျယ်ကျယ် သုံး၍တစ်ဖုံ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်၍ တစ်မျိုး စည်းရုံးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ရက်ပေါင်း ၆၀ အတွင်း မဲဆန္ဒနယ်အားလုံးကို သွားရောက်ဟောပြောဖို့ မဖြစ်နိုင်ပါဘူး။
-
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၁၆၈ နေရာရှိပါတယ်။ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ၄၉၈ နေရာရှိပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြို့နယ်အားလုံးကို ကိုယ်တိုင်သွားရောက်စည်းရုံးမယ်ဆိုရင် တစ်နေ့ကို ၅ နေရာ၊ ၆ နေရာထိ သွားရမှာဖြစ်ပြီး အကြိမ်ပေါင်း ၃၃၀ ဟောပြောရမှာဖြစ်ပါတယ်။ ဒါကမဖြစ်နိုင်တဲ့ ကိစ္စပါ။ ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် (၁၈) ခု ကယားပြည်နယ်မှာ ( ၇) ခု၊ ကရင်ပြည်နယ်မှာ ( ၇) ခု၊ ချင်းပြည်နယ်မှာ ( ၉) ခု ၊ စစ်ကိုင်းတိုင်းမှာ (၃၇) ခု တနင်္သာရီတိုင်းမှာ (၁၀) ခု ၊ ပဲခူးတိုင်းမှာ (၂၈) ခု ၊ မကွေးတိုင်းမှာ (၂၅) ခု ၊ မန္တလေးတိုင်းမှာ (၃၆) ခု ၊ မွန်ပြည်နယ်မှာ (၁၀) ခု ၊ ရခိုင်ပြည်နယ်မှာ (၁၇) ခု၊ ရန်ကုန်တိုင်းမှာ (၄၅) ခု ၊ ရှမ်းပြည်နယ်မှာ (၅၅) ခု နဲ့ ဧရာဝတီတိုင်းမှာ (၂၆) ခုရှိပါတယ်။ ဒါ့အပြင် အမျိုးသားလွှတ်တော်က နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလည်း ရှိပါသေးတယ်။ ရန်ကုန်တိုင်းဒေသကြီးလို နေရာမျိုးမှာ တစ်နေ့ ၅ မြို့နယ် သွားနိုင်မယ်ဆိုရင်တောင် နေရာမရှိပါဘူး။

နောက်ထပ် စိုးရိမ်စရာ တစ်ခုက ဟောပြောပွဲတွေမှာ တစ်မြို့နယ်လုံးမှာရှိတဲ့ လူအကုန်မလာကြပါဘူး။ ပြီးခဲ့တဲ့ ဟိုပုန်းနဲ့ ဆီဆိုင်က ဟောပြောပွဲတွေမှာ လူ ရာဂဏာန်းပဲ လာနားထောင်တာ တွေ့ရပါတယ်။ ဒါတွေက မကောင်းတဲ့ လက္ခဏာပါ။ မြို့နယ်တစ်ခုစီမှာ NLD ပါတီအတွက် ဒေါ်အောင်ဆန်းစုကြည်က တစ်နာရီသာ လာရောက်စည်းရုံးပြီး ပြန်သွားပေမယ့် အခြားပါတီများမှ ကိုယ်စားလှယ်လောင်းတွေက ရက်ပေါင်း ၆၀ လုံး မိမိနယ်တွေမှာ တစ်အိမ်တက် တစ်အိမ်စင်း တစိုက်မတ်မတ် စည်းရုံးနေကြမှာဖြစ်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရက်ပေါင်း ၆၀ ကျော် ခြေကုန်လက်ပမ်းကျ ဟောပြောသွားမှုတွေက အချည်းအနှီးဖြစ်သွားမှာပါ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD တောင်ပြိုကမ်းပြိုနိုင်ဖို့ဆိုတာ ဆောင်းညအိပ်မက်တစ်ခုသာ ဖြစ်ပါကြောင်း ဆင်ခြင်သုံးသပ်လိုက်ပါတယ်။

‪#‎ဒေါက်တာမျိုးချစ်‬

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ