ကားရိုက်များလာတဲ့ သရုပ်ဆောင်ဟိန်းဝေယံက ၀ိညာဉ်စိမ်း ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်မှာမို့ ထူးထူးခြားခြား ပြင်ဆင်ထားပုံများနဲ့ လတ်တလော လှုပ်ရှားမှုအကြောင်းလေးတွေ မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အခုရိုက်ကူးတော့မယ့် ၀ိညာဉ်စိမ်းရုပ်ရှင်ကားကြီးမှာ ဘယ်နေရာက ပါဝင်သရုပ်ဆောင်မှာလဲ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရင်ခုန်နေပြီလား။
ဝိညာဉ်စိမ်းဇာတ်ကားကြီးမှာ ကျွန်တော်က သရုပ်ဆောင်တစ်ယောက် အရမ်းဖြစ်ချင်တဲ့ ပုံစံမျိုးသရုပ်ဆောင်မှာပါ။ ရိုက်ကူးမယ့်နေရာကလည်း နယ်ဘက်ဆိုတော့ ကာရိုက်တာအရ အံဝင်ခွင်ကျဖြစ်အောင် အင်္ကျီအ၀တ်အစားတွေကအစ လိုက်ဖက်မှုရှိအောင် စီစဉ်ထားတယ်။ ၀ိညာဉ်ကား၊ သရဲကားဆိုပေမယ့် တခြားကားတွေနဲ့ မတူဘူး။ ဇာတ်လမ်းလေးက တစ်မျိုးလေးပါ။ ကိုကျော်သူနဲ့ ကိုရန်အောင်ကလည်း ဒီကားလေးမှာ အားပြိုင်မှုလေးတွေ ရှိတယ်ဆိုတော့ ပရိသတ်တွေ ကြည့်တဲ့အခါမှာ သဘောကျမယ်လို့ ယုံကြည်ပါတယ်။ ကိုယ်နဲ့တွဲရိုက်မယ့် စီနီယာတွေဆီကလည်း အတွေ့အကြုံ တွေရမှာဆိုတော့ ဒီကားနဲ့ ပတ်သက်ပြီး အတော်လည်း စိတ်ဝင်စားပြီး ရင်ခုန်ပါတယ်။ ပရိသတ်တွေ စိတ်ကျေနပ်ကြ မယ်လို့ ယုံကြည်တယ်။
ဒီဇာတ်ကားက ၀ိညာဉ် ဇာတ်လမ်းမျိုးဆိုတော့ သရုပ် ဆောင်ပိုင်းအတွက် ဘယ်လိုပြင် ဆင်ထားလဲ။
ဝိညာဉ်ကားမျိုးကတော့ ကျွန်တော်ရှေ့မှာ ရိုက်ဖူးပါတယ်။ ဒီဇာတ်လမ်းပုံစံက အရင်ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းပုံစံထက် အများ ကြီးဆန်းတယ်။ ကျွန်တော့်ရဲ့ စိတ်တွေ၊ အတွေးတွေကိုလည်း ဒီကားအတွက် သေချာအာရုံစိုက် ထားပါတယ်။ ထူးထူးခြားခြား ပြင်ဆင်ဖြစ်တာကတော့ ဒီဇာတ်လမ်းရိုက်ကူးဖို့ အတွက်ကိုတော့ သက်သတ်လွတ် သုံးရက်စား ထားပါတယ်။ ကျွန်တော်လည်း ကြားတာက ဒီကားက တကယ် သရဲခြောက်တဲ့အိမ်မှာ ရိုက်မယ်လို့ပေါ့။ တကယ်ဟုတ်၊ မဟုတ်တော့ မသိဘူး။ တကယ်သရဲ ခြောက်တဲ့အိမ်မှာ အခုလို ၀ိညာဉ် ဇာတ်လမ်းမျိုးကို တကယ်ခြောက်တဲ့ နေရာမှာရိုက်ရမယ်ဆိုတော့ စိတ်ထဲမှာတော့ တကယ်စိတ်ဝင်စားနေတယ်။ ကြောက်တာတော့ မကြောက်ပါဘူး။ ၀ိညာဉ်ဆိုတာ ကိုတော့ ကျွန်တော်အယုံအကြည် ရှိတယ်။ ဒါက ဘုရားဟောတဲ့ အထဲမှာကို ပါပြီးသားလေ။ အပယ်လေးဘုံထဲမှာ သူတို့က တစ်ပုံပါပြီးသား။ ဒါကြောင့် ပုတီးစိပ်တယ်။ သရဏဂုံရွတ်တယ်။ အရင်ကလည်း နေ့တိုင်း ရွတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကားမရိုက်ခင်မှာ ဦးကျော်သူကလည်း သက်သတ် လွတ် သုံးရက်စားပါပေါ့။ သရဏဂုံလည်း ပုတီးစိပ်ပါလို့ မှာတယ်။ ဒီလိုလုပ်ရင် ပိုပြီးတော့ အဆင်ပြေ ချောမွေ့မယ်ပေါ့။ ဒါ ကြောင့် ကျွန်တော်လည်း နိုင်သလောက်လေး လုပ်ဖြစ်ပါတယ်။
ဝိညာဉ်စိမ်း ဇာတ်ကားက ပရိသတ်ကို ဘယ်လိုမက်ဆေ့ခ်ျ ပေးနိုင်မယ်ထင်လဲ။
လူတွေစိတ်အစွဲလမ်းကြီးတဲ့အခါမှာ မကျွတ်မလွတ်ဘဲနဲ့ တစ္ဆေသရဲဘ၀ကို ရောက်သွားတဲ့ ပုံစံမျိုးပေါ့။ အဲဒီတော့ အစွဲအလမ်း ကြီးတယ်ဆိုတာ ဘယ်ဟာမျိုးမှ မကောင်းဘူးဆိုတဲ့ သဘောမျိုးပါ။ စည်းလုံးညီညွတ်လို့ ရှိရင် ဘယ်ဟာမဆို အောင်မြင်နိုင်တယ်။ တွန်းလှန်နိုင်တယ်ဆိုတာမျိုးလည်း ပါပါ တယ်။
ဟိန်းဝေယံအနေနဲ့ လျှောက်လှမ်းလာတဲ့ အနုပညာသက်တမ်းမှာ ပရိသတ်အကြိုက်နဲ့ ကိုယ်ပိုင်အကြိုက် ဘယ်ဟာကို ပိုဦးစား ပေးရွေးချယ်ရိုက်ကူးဖြစ်ခဲ့လဲ။
ကျွန်တော့်အနေနဲ့ကတော့ ဘယ်လိုပုံစံမျိုးကို အဓိကရွေး ချယ်ရိုက်ကူးချင်တယ်ဆိုတာမျိုး တော့ မရှိပါဘူး။ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ပုံမျိုးကိုမျှတ အောင်ပဲ ရိုက်ကူးပေးဖြစ်ပါ တယ်။ရိုက်ကူးတဲ့အပိုင်း မှာလည်း အခြားပုံစံနဲ့ဖြစ်ဖြစ် ကျွန်တော့်ကိုယ်ပိုင်ပုံစံနဲ့ဖြစ်ဖြစ် ကျွန်တော့်ရဲ့ ကြိုးစားချင်စိတ်က အတူတူပါ ပဲ။ ဘယ်ဟာကို ပိုလုပ်မယ်။ ဘယ်ဟာကို လျှော့လုပ်မယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ပြင်ဆင်မှုကလည်း အတူတူပါပဲ။
လက်ရှိမှာကော အနုပညာ လှုပ်ရှားမှုတွေအပြင် တခြားဘာတွေ ဆောင်ရွက်နေတာရှိလဲ။
ဝိညာဉ်စိမ်းဇာတ်ကား ရိုက်ကူးဖို့ ၉ ရက်နေ့ကို ရန်ကုန်က ထွက်ရပါမယ်။ ဒီကြားထဲမှာတော့ ဓာတ်ပုံတွေရိုက်ဖြစ်နေတယ်။ ပရဟိတတွေလည်း လုပ်ပေးနေတယ်။ ရေဘေးမှာ ကျွန်တော် တတ်နိုင်တဲ့ဘက်ကနေ သီချင်းဆိုပြီး အနုပညာဒါနမျိုးပေါ့။ ရုပ်ရှင်ရိုက်ကူးဖို့ မရှိတဲ့ အချိန်မှာတော့ ကျွန်တော်သီချင်းတွေ လုပ်ဖြစ်ပါတယ်။ ဒါက ကျွန်တော်အခွေ ထုတ်ဖို့မဟုတ်ပါဘူး။ နယ်ဘက်တွေမှာ သွား ရောက်ဖျော်ဖြေတဲ့အခါအတွက်ပါ။
ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး အနေနဲ့ကော ဘယ်နှစ်ကားရိုက်ကူးဖို့ ရှိသေးလဲ။ ၀ိညာဉ်စိမ်း ဇာတ်ကား ရိုက်ကူးပြီးရင်ကော ဘယ်လိုဇာတ်ကားတွေ ထပ်မံရိုက်ကူးဖို့ ရှိလဲ။
ရုပ်ရှင်ကားကြီးက ရှေ့မှာ နှစ်ကားရိုက်ပြီးသွားပါပြီ။ ဒီကား နဲ့ဆို သုံးကားမြောက်ပါ။ နောက် ထပ်နှစ်ကား ရိုက်ကူးဖို့ ရှိတယ်။ အခုကတော့ ဗီဒီယိုရိုက်တာကိုတော့ နားထားတာ နှစ်လ၊ သုံးလ လောက်ရှိပါပြီ။ ဒီကားပြီးရင် တော့ ရွှေမှုံရတီနဲ့ ရိုက်ဖို့ရှိတယ်။
အခုနောက်ပိုင်းမှာ အချစ်ရေးထက် အလုပ်ကိုပဲ ပိုဦးစားပေး လုပ်ဖြစ်နေတော့ လက်တွဲဖော်နဲ့ ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားလဲ။
ပရိသတ်တွေက အချစ်ရေးထက် အနုပညာပိုင်းကိုပိုပြီးတော့ အလေးပေးပြီး အားပေးလာတာကို တွေ့ရတယ်။ သူတို့အနေနဲ့ လည်း ခုအချိန်မှာ စိတ်မ၀င်စားလောက်ကြတော့ဘူး။ အချစ်ရေးကတော့ ကံပဲပေါ့။ ဘယ်အချိန်မှာ အိမ်ထောင်ပြုဖြစ်မလဲဆိုတာကိုလည်း အတိအကျပြောလို့ မရဘူးလေ။ ကံစီမံရာအတိုင်းပါပဲ။ လောလောဆယ်တော့ ကျွန်တော့် အနေနဲ့ အကောင်းဆုံးဖြစ်အောင် နေထိုင်သွား မယ်။ ကျွန်တော် ကိုယ်တိုင်လည်း အများကြီးမတွေးထားပါဘူး။ ကျွန်တော့် လက်တွဲဖော်က ဘယ်လိုပုံစံဖြစ် ရမယ်ဆိုတာကိုလည်း မသတ်မှတ်ထားဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံမျိုးလည်း ဖြစ်ချင်မှဖြစ်မယ်။ အနုပညာအလုပ်တွေချည်း လုပ်မယ်ဆိုတာ အသည်းကွဲတာများလို့လည်း မဟုတ်ဘူး။ အချစ်ရေးဘက်ကို မလှည့်ချင်တာလည်းမဟုတ်ဘူး။ အခုအချိန်က အနုပညာသက်တမ်းလည်း အထိုက်အလျောက်ရလာပြီ။ အသက်အရွယ်အရလည်း ၂၅ ကျော်လာတဲ့အခါကျတော့ အလုပ်ဘက်ကို ပိုစိတ်ဝင်စားလာတဲ့ သဘောမျိုးပါ။
ကျေးဇူးတင်ပါတယ်။
http://myanmartharkaung.blogspot.com
No comments:
Post a Comment