Monday, September 14, 2015

ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးပင်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် သမ္မတပြော

ပြည်သူ့အုပ်ချုပ်ရေးဖြစ်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် နိုင်ငံသားအားလုံး၏ လူမှုဘ၀နှင့် ပတ်သက်သောဆုံးဖြတ်ချက်များတွင် တန်းတူပြောဆိုရပိုင်ခွင့်ရှိရေး ဆောင်ရွက်ရန်လိုအပ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

စက်တင်ဘာ ၁၅ ရက်နေ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်သ၀ဏ်လွှာတွင် ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ယခုနှစ် ဆောင်ပုဒ်မှာ “Public Participation for Democracy” ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်ရေးပင်ဖြစ်သည်။

ပြည်သူများ၏ အခန်းကဏ္ဍကို ပိုမိုအနက်အဓိပ္ပါယ်ဖွင့်ဆိုပြခြင်းနှင့်အညီ ဒီမိုကရေစီဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ဒီမိုကရေစီယန္တရားအဆင့်ဆင့်၌ ပြည်သူများ ပိုမိုပါဝင် နိုင်ရန်အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန်လည်းလိုအပ်သည်ဟုဆိုသည်။

ထို့ပြင် လူ့အဖွဲ့အစည်းတွင်း ဒီမိုကရေစီကျင့်စဉ်များအခြေခိုင်ရေးအတွက် ဒီမိုကရေစီပညာပေး လုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး လူတိုင်းကလည်းအခွင့်အရေးနှင့် တာဝန်သိမှု၊ တာဝန်ယူမှုတို့ကို မျှတစွာပေါင်းစပ်ကျင့်သုံးနိုင်ကြရပါမည်။

ဒီမိုကရေစီစနစ်နှင့် လူ့အဖွဲ့အစည်းပေါင်းစည်းညီညွတ်မှုကို အကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ရရှိနိုင်ကြမည်ဖြစ်ပါသည်။

ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနောက်ခံအခြေအနေများ၊ လူမှု ပုံစံများ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့်စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိပါတီများ၊ အစုအဖွဲ့များအပေါ်တွင် မူတည်ကာအမျိုးမျိုးကွဲပြားနိုင်သော်လည်း နိုင်ငံသူနိုင်ငံသားအားလုံး၏ စိတ်နေစိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အတွေးအခေါ်မြင့်မားမှုနှင့်စည်းကမ်းကောင်းမွန်မှုတို့သည် ဒီမိုကရေစီဖော်ဆောင်ရေး၏ အဓိကအချက်များ ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အလွန်ကြီးမားသည့် အဆင့်တစ်ဆင့်အဖြစ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကိုမဲပေးရာတွင် ပြည်သူများ၏လိုလားချက်များကို အမှန်တကယ် ဖော်ဆောင် ပေးနိုင်ပြီး အရည်အသွေးရှိသည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် အထူးအရေးကြီးပါသည်။

မှန်ကန်သောရွေးချယ်မှုများဖြင့်သာ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ထွန်းကားလာနိုင်ပြီး ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်နိုင်မည်ဟု သမ္မတကြီးက ပြောဆိုသည်။

နိုင်ငံသားများအားလုံး တစ်ဦးနှင့်တစ်ဦးယုံကြည်မှု၊ အပြန်အလှန်နားလည်လေးစားမှု၊ အများ၏ သဘောထားကိုလိုက်နာ၊ လူနည်းစု၏ သဘောထားကိုအလေးထားရင်း နိုင်ငံတော်၏ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ကြရန်နှင့်ရင့်ကျက်ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်သွားကြပါဟု သမ္မတကြီးက နိဂုံးချုပ် တိုက်တွန်းပြောကြားသွားသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ