Thursday, February 5, 2015

ဧရာဝတီ သပိတ်မှောက် ကျောင်းသားများအား ပြန်လည်ခေါ်ယူရန် မိဘများကို တိုင်းဝန်ကြီးချုပ် ပြော


ဧရာဝတီတိုင်း ကျောင်းသားသပိတ်တွင် လိုက်ပါနေသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ခေါ်ယူရန် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က ကျောင်းသားမိဘများကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း အစိုးရရုံးတွင် ခေါ်ယူတွေ့ဆုံ ပြောကြား ကြောင်း သိရသည်။
“၀န်ကြီးချုပ်က သူ့တိုင်းထဲမှာ အကြမ်းဖက်လုပ်တာတွေ မလုပ်ဘူး။ ကျောင်းသားတွေရဲ့ သွေး မြေမကျစေရပါဘူးလို့ ပြောတယ်။ ကျောင်းသားမိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးကို အိမ်ပြန်ခေါ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးပါလို့ ပြောတယ်”ဟု ၀န်ကြီး ချုပ် ဦးသိန်းအောင်နှင့် တွေ့ဆုံခဲ့သည့် အမည် အဖော်လိုသော ကျောင်းသားမိဘ တဦးက ပြောပြသည်။
တွေ့ဆုံပွဲသို့ မသွားရောက်နိုင်သည့် မိဘများကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ဖုန်းနှင့် ဆက်သွယ်၍ မိမိ သားသမီးများကို အိမ်ပြန်ခေါ်ရန် အသိပေးပြောဆိုကြောင်း ဧရာဝတီ ကျောင်းသားသပိတ်တွင် ပါဝင်လှုပ်ရှားနေသည့် ကျောင်းသားတဦးက လည်း ပြောသည်။
“မနက်က မြို့နယ်မှူးက အမေတို့ကို ဖုန်းဆက်တယ်။ ကိုယ့်သားသမီးကို ပြန်ခေါ်ပြီး ထိန်းသိမ်းထားပါလို့ ပြောတယ်။ မနက်က ဖုန်း ဆက်တော့ အကိုက ကျနော့်ကို ကိုယ့်တာဝန်ကိုယ် ယူနိုင်ရင် ဆက်လုပ်လို့ ပြောတယ်။ ကျနော့်အနေနဲ့ တောင်းဆိုချက်တွေ ပြည့် စုံတဲ့အထိ တာဝန်ယူသွားမယ်”ဟု နည်းပညာ တက္ကသိုလ် (ပုသိမ်မြို့)မှ စတုတ္တနှစ် ကျောင်းသား မောင်ကျော်အောင်ဇင်လတ် က ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ပေါ်လာသည့် ကျောင်းသားသပိတ်သည် ဇန်န၀ါရီလ ၃၀ ရက်က ပုသိမ် တက္ကသိုလ်မှ စတင်ခဲ့ပြီး ပုသိမ်-ကန်ကြီးထောင့်-ဒါးက-ကျောင်းကုန်းအထိ ၅ ရက်ကြာ လမ်းလျှောက်ချီတက်ခဲ့သည်။ ယင်းသပိတ်တွင် ကျောင်းသား ၁၀၀ နီးပါး ပါဝင်ကြောင်း သိရသည်။
ယမန်နေ့ညက ကျောင်းကုန်းမြို့တွင် ညအိပ်ရပ်နားခဲ့ပြီး ကျောင်းကုန်းအရောက်တွင် သပိတ်မှောက် ကျောင်းသားများကို ကျောင်း ကုန်းမြို့နယ်မှူးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ပတ်သက်၍ ခွင့်ပြုချက်ရယူရန် အသိပေးပြောကြားခဲ့သည်ဟု ဆိုသည်။


ဧရာဝတီ ကျောင်းသားသပိတ်သည် ကျောင်းကုန်းမှ အင်းမ၊ ပန်းတနော်၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ကော့မှူး၊ ရန်ကုန် အထိ ချီတက်ကြမည် ဖြစ်ကြောင်း၊ ယင်းသပိတ်မှောက် ကျောင်းသားများသည် ယနေ့ည ပန်းတနော်တွင် ညအိပ်ရပ်နားရန် စီစဉ် ထားကြောင်း သိရသည်။
ဧရာဝတီ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ