တယ်လီနောကြော်ငြာ ဆိုင်းဘုတ်တွင် ပါဝင်ခဲ့သည့် မိန်းကလေးငယ်မှာ
သရုပ်ဆောင်ကြေးအဖြစ် ကျပ်သုံးထောင်သာရခဲ့ကြောင်း
သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တယ်လီနောကုမ္ပဏီက သရုပ်ဆောင်ကြေး ထပ်မံ
ပေးအပ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံဆရာနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ရန် ထပ်မံအသိပေးခဲ့ပြီး ဈေးကွက်စံနှုန်းများအတိုင်း သရုပ်ဆောင်ကြေး ပေးပြီးဖြစ်ကြောင်း တယ်လီနောမြန်မာက သတင်း ထုတ်ပြန်သည်။
‘‘တယ်လီနောက အေဂျင်စီကိုငှားတယ်။ အေဂျင်စီက ဓာတ်ပုံဆရာကို ငှားပြီး ကြော်ငြာအတွက် ဓာတ်ပုံရိုက်ခိုင်းပြီး အသုံးပြုခွင့် လက်မှတ်ထိုးပြီး ၀ယ်လိုက်တယ်။ အခုကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂ ရက်နေ့က ကလေးဆီကို သရုပ်ဆောင်ခအနေနဲ့ ချီးမြှင့် ငွေသွားပေးပြီးပြီလို့ သိရပါတယ်’’ဟု တယ်လီနောမြန်မာ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကြော်ငြာထဲတွင် ပါဝင်ခဲ့သည့် စစ်ကိုင်းမြို့ မင်းကွန်းဒေသမှ မိန်းကလေးငယ် (လှိုင်ယမင်း)၏ မိဘများကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဓာတ်ပုံဆရာသည် ကလေး ခုနစ်ဦးအား ဓာတ်ပုံရိုက်၍ တစ်ဦးလျှင် ငွေကျပ် သုံးထောင်စီပေးခဲ့ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုင်ကပ်နာရီတစ်လုံးနှင့် ယခုလ ၂ ရက်မှသာ ချီးမြှင့်ငွေကျပ် တစ်သိန်းခွဲ လာ၍ ပေးခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဓာတ်ပုံရိုက်တုန်းက ကလေးခုနစ်ယောက်ကို ရိုက်ပြီးတော့ တစ်ယောက်ကို သုံးထောင်စီပဲ ပေးသွားတယ်။ တိုင်ကပ်နာရီတစ်လုံး လာပေးသေးတယ်။ ပြီးခဲ့တဲ့ ၂ ရက်နေ့ကမှ တစ်သိန်းခွဲ ထပ်လာပေးတယ်’’ဟု လှိုင်ယမင်း၏ ဖခင် ဦးနန်းအောင်က ပြောသည်။
တယ်လီနော ကြော်ငြာထဲတွင် ပါဝင်သည့် အသက် (၁၄) နှစ် အရွယ် လှိုင်ယမင်း၏ ဓာတ်ပုံမှာ ၂၀၁၄ ဧပြီကတည်းက ရိုက်ကူးခဲ့သည့် ပုံဖြစ်ပြီး ဓာတ်ပုံကို သုံး ဖြစ်၊ မသုံးဖြစ် မသေချာသေးချိန်၌ ကြော်ငြာအတွက် သင့်လျော်သော ပုံရိပ်များရရှိနိုင်ရန် စုဆောင်းမှုအဖြစ် နိုင်ငံတစ်ဝန်းသို့ လှည့်၍ ရိုက်ကူးခဲ့ခြင်းကြောင့် သရုပ်ဆောင်ခ အများအပြား မပေးနိုင်ခဲ့ကြောင်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ၎င်း၏ Facebook စာမျက်နှာတွင် ၀န်ခံပြောကြားသည်။
‘‘လူတွေ အများကြီးကို တစ်နိုင်ငံလုံးမှာ လှည့်ပြီး ဓာတ်ပုံရိုက်ခဲ့ရတဲ့အတွက် သရုပ်ဆောင်ခကို အများကြီးမပေးနိုင်ခဲ့ဘူးဆိုတာ ၀န်ခံပါတယ်။ ပုံတွေထဲက အဆင်ပြေတဲ့ပုံကို တယ်လီဖုန်းလိုင်း ကြော်ငြာမှာ သုံးမယ်ဆိုတာလည်း ပြောပြခဲ့ပါတယ်။ အခု တယ်လီနောအတွက် ရွေးချယ်ခဲ့တဲ့အတွက် ကြော်ငြာလုပ်ငန်းနဲ့ တိုင်ပင်ပြီး ချီးမြှင့်ငွေထပ်ပေးခဲ့တာပါ’’ဟု ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ၎င်း၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။
7Day

No comments:
Post a Comment