Wednesday, February 4, 2015

လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်သွားသဖြင့် ရပ်နားထားသည့် သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဆက်လက်ချီတက်မည်

 လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပျက်သွားခြင်းကြောင့် ရပ်နားထားသည့် သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ချီတက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် နိုင်ငံလုံးဆိုင်ရာကျောင်းသားသပိတ် ဆင်နွှဲသွားမည်ဟု သပိတ်မှောက် ကျောင်းသားများက ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်၌ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဒုတိယအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရမည်ဖြစ်သော်လည်း ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ဘဲ ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်သည်။ ဆွေးနွေးပွဲပျက်ပြယ်သွားသောကြောင့် ယခင်က ရပ်ဆိုင်းထားသော သပိတ်စစ်ကြောင်းများဖြစ်သည့် ထားဝယ်၊ ပခုက္ကူ၊ မော်လမြိုင်၊ ဧရာဝတီတို့မှ သပိတ်မှောက်ကျောင်းသားများ ရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ချီတက်သွားမည်ဟု မန္တလေးမှရန်ကုန်သို့ သပိတ်မှောက်ချီတက်သော သပိတ်ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က 7Day Daily အား ပြောသည်။
‘‘ဧရာဝတီစစ်ကြောင်းကတော့ စထွက်နေပြီ။ မကြာခင်မှာပဲ ထားဝယ်စစ်ကြောင်းနဲ့ ပခုက္ကူ စစ်ကြောင်းက စထွက်တော့မှာပါ။ အစိုးရက အခု ၁၅ ဦး ကော်မတီဟာ ကျောင်းသားထုကို ကိုယ်စားပြုလားလို့ မေးပါတယ်။ သက်သေပြပါလို့ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျောင်းသားတွေ စုစည်းပြီး ရန်ကုန်ကို အမြန်ဆုံးချီတက်ကြမယ်။ ရန်ကုန်မှာ တစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်။ ကျွန်တော်တို့ အဲဒီမှာ ဘာလုပ်မလဲစောင့်ကြည့်ပါ’’ဟု ကို မင်းသွေးသစ်ကပြောသည်။
 လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်သော ကျောင်းသား ခေါင်းဆောင်များသည် လေးပွင့်ဆိုင်ဆွေးနွေးပွဲပျက်ပြီးနောက် အစည်းအဝေးပြုလုပ်၍ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။
ပခုက္ကူသပိတ်စစ်ကြောင်း နှင့် ထားဝယ်သပိတ်စစ်ကြောင်းတို့သည် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် သပိတ်လမ်းကြောင်းအား ဖေဖော်ဝါရီ ၂၈ ရက်က ရပ်နားထားခဲ့သည်။
မန္တလေးမှ ရန်ကုန်ခရီးရှည် ချီတက်သော သပိတ်မှောက် ကျောင်းသားများသည် လေးပွင့်ဆိုင်ဆွေးနွေးသည့် ဖေဖော်ဝါရီ ၁ ရက်၌သာ သပိတ်စစ်ကြောင်း ရပ်နားထားခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်က မကွေးမြို့သို့ ရောက်ရှိလာသော သပိတ်မှောက်ကျောင်းသားများကို ထောင်နှင့်ချီသော မကွေးမြို့ ခံပြည်သူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက်သပိတ်မှောက် ကျောင်းသားများသည် မကွေးမြို့ နည်းပညာကောလိပ်နှင့် မကွေးတက္ကသိုလ်သို့ သွားရောက်ဟောပြောခဲ့ကြသည်။
ဖေဖော်ဝါရီ ၆ ရက်တွင် မော်လမြိုင်ရှိ တက္ကသိုလ်များ၌ အစိုးရ၏လေးပွင့်ဆိုင်ဆွေးနွေးပွဲ မရိုးမသားလုပ်မှုများ၊ ကျောင်းသားများ တောင်းဆိုသည့် ၁၁ ချက် ပြန်လည်ရှင်းပြခြင်းများ ပြုလုပ်မည်ဖြစ်ပြီး မော်လမြိုင်၊ ထားဝယ်၊မြိတ်မြို့သုံးခုပေါင်း၍ သပိတ်စစ်ကြောင်းပြုလုပ်ကာ ရန်ကုန်သို့ ချီတက်လာမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ လုပ်ငန်းကော်မတီတာဝန်ခံ ကိုဘုန်းမြတ်မိုးကပြောသည်။ သို့သော်  သပိတ်စစ်ကြောင်းလမ်းကြောင်းကို မည်သို့မည်ပုံ သွားမည်ဆိုသည်ကို ပြန်လည်ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘စစ်ကြောင်းထွက်မှာတော့ သေချာတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ထွက်နိုင်အောင်လုပ်မယ်။ ကျွန်တော်တို့က အခုမှ ပြန်လာနေတုန်းပဲ ရှိသေးတယ်။ တိုင်ပင်ပြီး အစည်းအဝေးလုပ်ရဦးမယ်။ သေချာတာကတော့ သပိတ်စစ်ကြောင်းတွေ အကုန်ပြန်ထွက်ကြမယ်’’ဟု ပခုက္ကူစစ်ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲဇာနည်ထွန်းကပြောသည်။
‘‘ကျောင်းသားသပိတ်တွေကို အရှိန်မြှင့်ပြီးလုပ်ကြမယ်။ ရန်ကုန်ထိတော့  ရောက်အောင်သွားမယ်။ ရန်ကုန်မှာ ရအောင် တိုက်ယူမယ်’’ဟု ကျောင်းသားသပိတ်ခေါင်းဆောင် ကျော်ကိုကိုကပြောသည်။ ကျောင်းသား သပိတ်ခေါင်းဆောင် ကျော်ကိုကိုသည် မကွေးမြို့ ဗိုလ်ချုပ်ကြေး ရုပ်ပန်းခြံ၌ ဟောပြောရာတွင် ‘‘ကျောင်းသားသွေးတစ်ပေါက် ကျလျှင် မီးဟုန်းဟုန်းတောက် မည်’’ဟု ပြောကြားသွားခဲ့သည်။
သပိတ်မှောက်ကျောင်းသားများသည် ယနေ့နံနက်တွင် မကွေးမြို့မှ မိုင် ၃၀ နီးပါး ဝေးသော သစ်ရာကောက်ကျေးရွာသို့ ချီတက်သွားမည်ဖြစ်သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ