သူ့ကျွန်အဖြစ်.. တစ်ဖန်နွံနစ် ကျွန် မဖြစ်ချင်ပါ….
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုလျက်..
ပြည်ထောင်စု မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံပေါ်၌ "မြန်မာ" မည်သော ပြည်တစ်ပြည်၊ မြန်မာမည်သော လူမျိုးတစ်မျိုး အဖြစ်ဖြင့် တစ်ထီးတစ်နန်း နေထိုင်ဖြစ်ပျက် လာခဲ့ရကြောင်းများကိုမူ မှန်နန်းရာဇ၀င်၊ ကုန်းဘောင်ရာဇ၀င်၊ ဦးကုလားရာဇ၀င်၊ မဟာရာဇ၀င်တော်ကြီး စသည့် ရာဇ၀င် စာအုပ်များက သက်သေထူနေမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဘုန်းမီးနေလ တောက်ပပြီး အိမ်နီးချင်းနိုင်ငံများက လေးစားအားကျ ခဲ့ရသည်မှာ သမိုင်းမှာ အထင်အရှား ရှိခဲ့ပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံက သေးငယ်သည်။ တိုင်းရင်းသား လူမျိုးစုများသည်။ သယံဇာတ ပေါကြွယ်ဝ သည်။ ထိုသည်ကို အခွင့်ကောင်းယူကာ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ်ဖြင့် သိမ်းယူခဲ့ကြပါသည်။ အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားများသည် မြန်မာပြည်ကို ဖျားယောင်း လှည့်ပတ်ကာ သိမ်းယူခြင်း မပြုမီကပင် ဥရောပတိုက်ရှိ တိုင်းပြည်နိုင်ငံများမှ နိုင်ငံခြားသား အမြောက်အမြားသည် မြန်မာပြည် နယ်ပယ်အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ၊ တစ်သုတ်ပြီး တစ်သုတ် ဆက်ကာဆင့်ကာ ချဉ်းနင်းဝင်ရောက် လာခဲ့ကြလေသည်။
ဥရောပတိုက်မှ နိုင်ငံခြားသားများသည် မြန်မာပြည်တွင်းသို့ စတင်ဝင်ရောက်လာကြသော အချိန်အခါက မြန်မာပြည်သည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေကာ အသိအမြင်အားဖြင့်လည်း ကျဉ်းမြောင်းကြသေးလျက် အိပ်မောကြ နေဆဲပင် ရှိသေးသည်။ ထိုအချိန်အခါက ဥရောပတိုက်ရှိ မြောက်မြားစွာသော တိုင်းပြည်နိုင်ငံများသည် အဘက်ဘက်မှ တိုးတက်ထွန်းကားလာပြီး လူဦးရေလည်း သိပ်သည်းများပြား လာခဲ့ကြပြီဖြစ်သည်။
စီးပွားကုန်သွယ်ရေးအားဖြင့် ကုန်ထုတ်လုပ်မှု အင်အားသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ရာ မိမိတို့ တိုင်းပြည် နိုင်ငံတွင်းတွင် သုံးစွဲရောင်းချခြင်းဖြင့် အမြတ်အစွန်းများစွာ ရရှိလာခဲ့ကြပါသည်။ ရရှိလာသည့် အမြတ်အစွန်း ငွေကြေးပမာဏများသည် လူကိုယစ်မူး လာစေကာ မိမိကုန်ပစ္စည်းများ ပိုမိုတွင်ကျယ်စွာ ရောင်းချလာနိုင်ရန်အတွက် နယ်ပယ်ချဲ့ထွင် လာခဲ့ကြသည်။ နယ်မြေအကွက်သစ်များ ရှာဖွေဖို့ အခါအခွင့်ကြုံဆုံ လာရသဖြင့် နယ်ချဲ့စနစ်ကို စတင်ကူးပြောင်း လာခဲ့တော့သည်။
ဥရောပတိုက်သားများသည် ကမ္ဘာ့မြေပြင် ရေပြင် လေပြင်စခန်းများကို နည်းအမျိုးမျိုးတို့ဖြင့် နယ်မြေချဲ့ထွင်လာခဲ့ကြပြီး အရှေ့ဘက် အာရှတစ်လွှားသို့ ကူးသန်းရောင်းဝယ်လိုခြင်း အရင်းခံဖြင့် စတင်ကျူးကျော် လာခဲ့ကြပါသည်။
ဥရောပတိုက်သားများသည် မြန်မာနိုင်ငံသို့ မြန်မာသက္ကရာဇ် (၇၉၆)ခုနှစ် အင်္ဂလိပ်သက္ကရာဇ် (၁၄၃၅)ခုနှစ်၊ နှစ်ကြိမ်မြောက် အင်းဝကောင်းစားစဉ်အချိန် မိုးညှင်းမင်းတရား လက်ထက်တွင် ဥရောပတိုက် ဂရိပြည်နယ်မှ ဗင်းနစ်မြို့သားကုန်သည် နီတီလိုစီတွန်တီ ဆိုသူသည် တနင်္သာရီ၊ ရခိုင်၊ ဧရာဝတီတို့ကို ဖြတ်ကျော်ကာ အင်းဝနေပြည်တော် သို့ဆိုက်ရောက်လာခဲ့လေသည်။
မြန်မာသက္ကရာဇ် (၈၃၀)ပြည့်နှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၄၇၀)ပြည့်နှစ် ပဲခူးဟံသာဝတီတွင် ဘုရင်မကြီး ရှင်စောပု ရန်ကုန်မှာ နန်းစိုက်၍ သမက်တော် ဓမ္မစေတီမင်းက ပဲခူးဟံသာဝတီကို အုပ်ချုပ်စိုးစံလျက်ရှိ နေကြစဉ် ဥရောပတိုက်သား ရုရှပြည်မှ ကုန်သည် နီတီကင်သည် ပဲခူးဟံသာဝတီသို့ ရောက်ရှိလာပြီး ကုန်ကူးသန်း ရောင်းဝယ်ခြင်း ပြုလုပ်ကာ မြန်မာပြည်မှာ နေထိုင်သွားလေသည်။
မြန်မာသက္ကရာဇ် (၈၅၆)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၄၉၆)ခုနှစ် ပဲခူး ဟံသာဝတီတွင် ဓမ္မစေတီ၏ သားတော် ဗညားရံ မင်းလုပ်၍ အုပ်စိုးနေစဉ် ဥရောပတိုက်၊ အီတလီပြည်မှ အီတာလျံလူမျိုး ကုန်သည် ဟိုက်ယာရိုနီသည် ပဲခူး ဟံသာဝတီသို့ ရောက်ရှိလာကာ ကုန်ကူးသန်း ရောင်းဝယ်မှုဖြင့် နေထိုင်သွားလေသည်။
မြန်မာသက္ကရာဇ် (၈၅၉)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၄၉၈)ခုနှစ် ဟံသာဝတီတွင် ဗညားရံ ဆက်လက်အုပ်ချုပ်နေသော လက်ထက်မှာပင် ဥရောပတိုက် ပေါ်တူဂီပြည်မှ ပေါ်တူဂီလူမျိုး ဗာစကိုဒါဂါးမား ဆိုသူသည် ပဲခူး ဟံသာတီသို့ပင် ထပ်မံရောက်ရှိကာ ထိုသူသည် ကုန်ကူးသန်း ရောင်းဝယ်ရေးတွင် သာမက မြန်မာဘုရင်များ၏ မြို့ရေးရွာရေး ပြည်တွင်းရေး စသည်များကို ၀င်ရောက်စွက်ဖက် လာခဲ့သည်။ မြန်မာသက္ကရာဇ် (၈၆၆)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၅၀၅)ခုနှစ်၊ ပဲခူး ဟံသာဝတီတွင် ဗညားရံမင်း ဆက်လက်အုပ်ချုပ် မင်းလုပ်နေစဉ်မှာပင် အီတလီပြည်မှ အီတာလျံလူမျိုး လူဒိုဝီတိုဒီဝါသီမာ ဆိုသူသည် ပဲခူး ဟံသာဝတီသို့ ဆက်လက်ရောက်ရှိလာပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။
မြန်မာသက္ကရာဇ်(၈၇၇)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၅၁၆)ခုနှစ်၊ ပဲခူး ဟံသာဝတီတွင် ဗညားရံမင်း ဆက်လက်အုပ်ချုပ် မင်းလုပ်နေစဉ်မှာပင် ပေါ်တူဂီလူမျိုးများသည် ယိုးဒယားဘုရင် ယာမာဗိုတိုနှင့် ချစ်ကြည်ရေး မိတ်ဆွေအဖြစ် စာချုပ်တစ်ခု ပြုလုပ်ကြပြီး ဆက်ဆံနေထိုင်ကြကာ ယိုးဒယားနယ်မှ အာယုဒ္ဓနယ်၊ မြန်မာ့နယ်မြေမှ တနင်္သာရီတို့ကို စိုးမိုးအုပ်ချုပ်ကြခြင်းဖြင့် ကျူးကျော်မှု ပြုလာခဲ့ကြလေသည်။ မြန်မာသက္ကရာဇ် (၈၈၈)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၅၁၉)ခုနှစ် နန်းတက်သော ရခိုင်ရာဇာကြီး လက်ထက်တွင် ဥရောပတိုက် ပေါ်တူဂီပြည်မှ ဖိလစ်ဒီဗရစ်တိုနှင့် ဆီဘတ်စ်တန်ဂိုဆလိစ် တို့သည် ရခိုင်ပြည်သို့ ရောက်ရှိလာကြပြီး ပြည်တွင်းရေးများကို ၀င်ရောက်စွက်ဖက် လာခဲ့ကြသည်။
မြန်မာသက္ကရာဇ် (၉၀၈)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၆၂၇)ခုနှစ် ဟံသာဝတီတွင် မင်းတရားရွှေထီး စိုးစံအုပ်ချုပ်နေသော လက်ထက်မှာ ဥရောပတိုက် အင်္ဂလန်ကျွန်းမှ အင်္ဂလိပ်လူမျိုးများ မြန်မာပြည်တွင်းသို့ စတင်ရောက်ရှိ လာကြပြီး အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ကြကာ သန်လျင်၊ အင်းဝ၊ ဗန်းမော်၊ ပြည်မြို့များ၌ ကုန်တိုက်ခွဲများ တည်ထောင်ဖွင့်လှစ် နေထိုင်သွားကြသည်။ တစ်ချိန်တည်းမှာ အင်္ဂလိပ်လူမျိုးများနှင့်အပြိုင် ဒတ်ခ်ျလူမျိုးများကလည်း ဒတ်ခ်ျအရှေ့ အိန္ဒိယကုမ္ပဏီတစ်ခုမှ ပဲခူး သန်လျင် အင်းဝမြို့များ၌ တစ်မြို့လျှင် ကုန်တိုက်တစ်ခုစီ ဖွင့်လှစ်နေထိုင် ခဲ့ကြသော်လည်း ကြာရှည်စွာ မနေနိုင်ကြဘဲ ပြန်လည်ထွက်ခွာသွားသည်။
မြန်မာသက္ကရာဇ် (၁၀၄၇)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၇၆၆)ခုနှစ် အင်းဝမင်းရဲကျော်ထင် လက်ထက်တွင် ဥရောပတိုက်၊ အင်္ဂလန်ကျွန်းမှ အင်္ဂလိပ် လူမျိုးများသည် မြန်မာပြည် ပင်လယ်ကမ်းခြေ ပုသိမ်(၃၂)မြို့ အပါအ၀င် ဟိုင်းကြီးကျွန်းသို့ ရောက်ရှိလာပြီး ကုန်တိုက်တစ်တိုက် တည်ထောင်ဖွင့်လှစ်သွားသည်။ ထို့နောက်တွင် အင်္ဂလိပ် လူမျိုးများသည် မြန်မာသက္ကရာဇ် (၁၀၅၉)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၇၇၈)ခုနှစ် အင်းဝနေပြည်တော် မင်းရဲကျော်ထင် လက်ထက်မှာပင် ထပ်မံရောက်ရှိ လာကြပြီး သန်လျင်ရှိ အင်္ဂလိပ် လူမျိုးများပိုင် ကုန်တိုက်များကို စီမံအုပ်ချုပ်ရန်အတွက် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ထားရှိကြကာ နေထိုင် သွားကြသည်။

ဟိုင်းကြီးကျွန်းအရေးကား ပြီးပြတ်မသွားသေးဘဲ ဟိုင်းကြီးကျွန်းကို မြန်မာ့တပ်မတော်သားများက တိုက်ခိုက်သိမ်းယူ ကြစဉ်က ထွက်ပြေးလွတ်မြောက်သွားသော အင်္ဂလိပ် လူမျိုးများသည် အဆက်အသွယ် ပြုလုပ်ကြကာ မြန်မာသက္ကရာဇ် (၁၁၈၉)ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် (၁၇၅၇)ခုနှစ် ကုန်းဘောင်ရွှေဘိုတွင် အလောင်းမင်းတရား စိုးစံအုပ်ချုပ် နေတော်မူစဉ် ယခင်က ဖြစ်ပွားခဲ့သော ဟိုင်းကြီးကျွန်းသို့ပင် ဥရောပတိုက် အင်္ဂလန်ကျွန်းမှ အင်္ဂလိပ် လူမျိုးများသည် မြန်မာ့မြေပေါ်သို့ တစတစနှင့် ၀င်ရောက်ကျူးကျော်လာကာ ပြည်တွင်းရေးရာများ၊ စီးပွားရေးများ၊ ယုံကြည်ကိုးကွယ်မှုများ ရောယှက်ရှုပ်ထွေး လာကြပြီး အမျိုးမျိုးသော ပရိယာယ်များဖြင့် လိမ်လည်လှည့်ပတ် သွေးဆောင်ဖျားယောင်း ခဲ့ကြပါသည်။ အသိအမြင်မကြွယ်၊ ရိုးသားဖြူစင်သော မြန်မာလူမျိုးများသည် တိုင်းတစ်ပါးသား နယ်ချဲ့မိစ္ဆာတို့၏ လွှမ်းမိုးအုပ်ချုပ်မှုကို နှစ်ပေါင်း ၁၀၀ကျော်တိုင် လည်စဉ်းခံ ခဲ့ကြရပါသည်။
အင်္ဂလိပ်တို့က ကျူးကျော်စစ် သုံးကြိမ်ဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။ မြန်မာလူမျိုးများသည် တိုင်းပြည်နှင့်တကွ မိမိတို့ အရှင်သခင် ဘုရင်မင်းမြတ်ကိုပါ ခေါ်ဆောင်သွားသည့်အတွက် ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ကို ခုခံတွန်းလှန် ခဲ့ကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ မြန်မာတစ်မျိုးသားလုံး၏ သွေးချွေးများဖြင့် အရယူခဲ့ရသော လွတ်လပ်ရေးသည် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့တွင် မြန်မာပြည်သူတို့လက်ဝယ် ရယူပိုင်ဆိုင် ခဲ့ရပါသည်။ မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့သည့် သမိုင်းဝင်နေ့လေး တစ်နေ့ဖြစ်ပါသည်။ အသက်သွေးချွေး အရင်းတည်ကာ ရယူခဲ့ရသော လွတ်လပ်ရေးကို ထာဝစဉ် ထိန်းသိမ်းဖို့ရန်မှာ မြန်မာ တစ်မျိုးသားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် ပထမဦးစွာ စီးပွားရေးကို အကြောင်းပြကာ နယ်ချဲ့သည်။ နောက်ပိုင်းတွင် မြန်မာပြည်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ပိုင်းများကိုပါ ၀င်ရောက်စွက်ဖက်လာသည်။ ရိုးသားသည့် မြန်မာလူမျိုးများကို အနိုင်ကျင့်ခဲ့သည်။ ကိုယ့်အကျိုးစီးပွားအတွက် သူတစ်ပါး၏ ကုတ်သွေးကို စုတ်ရုံမျှမက ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်လာခဲ့သည်။
သမိုင်းဟူသည် မေ့ပျောက်ထားရန် မဟုတ်ပါ။ မြန်မာတို့အနေဖြင့် ရွှေထီးစောင်းခဲ့ရသည့် နေ့ရက်များ ရှိခဲ့သကဲ့သို့ စိုးရိမ်ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာတို့၏ အန္တရာယ်နှင့်လည်း ကြုံတွေ့ခဲ့ရသည့် အတိတ်သမိုင်း သင်ခန်းစာများကို သတိပြုကြဖို့ လိုပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိအမှတ်ပြုမှု ဟူသောစံနှုန်းများနှင့် ပြည့်စုံသည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မည်သို့သော ပယောဂများကြောင့်ဖြင့်မျှ တိုင်းပြည်အချုပ်အခြာ အာဏာကို ထိပါးမခံရအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မြန်မာတစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပါသည်။ သူ့ကျွန်အဖြစ် တစ်ဖန်နွံနစ်မည့်အရေး ကာကွယ်စောင့်ရှောက်ရင်း နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေပွန်ကြပါစို့ဟု ဆန္ဒပြုရင်းဖြင့်………
ပြည်သူ့ပုံရိပ်
စစ်ကိုင်းဟန်တင် ရေးသားသည့် "လုံးဝလွတ်လပ်ရေးသို့ " ကို မှီငြမ်းကိုးကားထားပါသည်။
No comments:
Post a Comment