Wednesday, August 5, 2015

ရေနစ်တဲ့သူကို ဝါးကူလို့မထိုးကြပါနဲ့

ကျွန်တော်တို့နိုင်ငံမှာနာဂစ်ပြီးရင် အခုကြုံတွေ့နေရတဲ့ရေဘေးဟာ နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိခဲ့ ပါတယ်။ ရေဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို အဖွဲ့အစည်းပေါင်းစုံကသွား ရောက်လှူဒါန်းကြတာတွေကို တွေ့မြင်ရတဲ့အခါ သာဓုခေါ်မိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သဘာဝဘေး အန္တရာယ်ကျရောက်တိုင်း ဖွားဘက်တော်အဖြစ်ပါလာတာက ဝိသမလောဘသားတွေရဲ့ ကုန်ဈေးနှုန်း တက်ခြင်းပါပဲ။ ပြီးခဲ့တဲ့ နာဂစ်ဖြစ်တုန်းကလည်း စားသောက်ကုန်ဈေးနှုန်းတွေတက် လိုက်ကြတာ ပြန်ကိုမဆင်းတော့ပါဘူး။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာကထွက်တဲ့
ပစ္စည်းတွေဈေးကြီး တယ်ဆိုရင် ခံသာပါသေးတယ်။ ဘာအန္တရာယ်မှမကျရောက်တဲ့နေရာက ထွက်တဲ့ပစ္စည်းတွေ ဈေးတက်တာတော့ နည်းနည်းတော့များသွားပြီ လို့ထင်ပါတယ်။


ကျွန်တော်တို့နိုင်ငံမှာ ပြောပြောနေတဲ့စကားတစ်ခွန်းရှိပါတယ်။ ‘ငါတို့က ဗုဒ္ဓဘာသာ။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံမှာနေ တာ’ဆိုတဲ့စကားပါပဲ။ ဗုဒ္ဓဘာသာဆိုရင် ဗုဒ္ဓရဲ့ဆုံးမစကားကိုနား ထောင်ကြရ မှာဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့အထဲ အမြတ်ကြီးစားဖို့ ဘယ်တရားတော်ကမှ ဟောမထားပါဘူး။ ပြီးခဲ့တဲ့နာဂစ် ဖြစ်တုန်းက ရေပိုက်၊ ရေစက်တွေရောင်းတဲ့ တခြားဘာသာ ကိုးကွယ်တဲ့သူတစ်ယောက်က သူ့ ဆိုင်ကပစ္စည်းတွေကို အမြတ်မယူတဲ့အပြင် လျှော့ပြီးတော့ရောင်းချတဲ့အကြောင်း မိတ်ဆွေတစ်ယောက် ပြောပြလို့သိရပါတယ်။

လူသားချင်းစာနာတဲ့စိတ်နဲ့ ဘက်ပေါင်းစံကနေပြီး တတ်နိုင်သလောက် အကူအညီတွေပေးနေတာ ကြည်နူးဖို့ကောင်းသလို ဝိသမလောဘသားတွေကြောင့် စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ ရန်ကုန် ဈေးကွက် မှာလည်း ဆန်ဈေးက တစ်အိတ်ကို ကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိ တက်သွားတယ်လို့ သတင်းတွေအရ သိရပါတယ်။

ရေဘေးသင့် ခံရတဲ့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကို အကြောင်းပြပြီး ဆန်ဈေးနဲ့ အခြေခံစားသောက်ကုန်တွေဈေးတက်တာကလည်း လုံးဝမဖြစ်သင့်ပါဘူး။ ချင်းပြည်နယ် ပလက်ဝမြို့နယ် မှာ ဆန်တစ်အိတ်ကို ကျပ် ၄၀,၀၀၀ နီး ပါး၊ ဟားခါးမြို့မှာ ဆန်တစ်အိတ် ကျပ်တစ်သိန်းနီးပါး၊ ရခိုင်ပြည် နယ် စစ်တွေမြို့မှာ ဆန်တစ်အိတ်ကို ကျပ် ၅၀,၀၀၀ နီးပါး၊ ကလေးမြို့မှာ ဆန်တစ်အိတ်ကို ကျပ် ၈၀,၀၀၀ နီးပါးမြင့်တက်သွား တယ်လို့ သတင်းတွေအရ သိရပါ တယ်။

ရေဘေးသင့်နေလို့ ဒုက္ခရောက်နေရတဲ့အထဲ ဝမ်းရေးအတွက် ဈေးကြီးပေးဝယ်နေရတဲ့ ဒုက္ခကို ကိုယ်ချင်းစာကြည့်ကြစေချင်ပါတယ်။ ကိုယ်ချင်းစာစိတ်တွေခေါင်းပါးသွားကြပြီလား။ သူများဒုက္ခရောက်နေ တဲ့အပေါ်မှာ ရတဲ့အကျိုးအမြတ်ကိုခံစားချင်တဲ့ စိတ်ဓာတ်တွေကို အံ့ဩမိပါတယ်။ လောဘ၊ ဒေါသ၊ မောဟ တွေကြီးရင် ကပ်ကြီးသုံးပါးနဲ့ကြုံ တွေ့ရတတ်ပါတယ်။ လောဘကြီးရင်ငတ်မွတ်တဲ့ဘေးကြုံရသလို ဒေါသကြီးရင် လက်နက်ဘေးနဲ့ ကြုံရတတ်ပါတယ်။ မောဟကြီးတဲ့အခါ အနာရောဂါ ထူပြောတဲ့ဘေးနဲ့ ကြုံရတတ်ပါ တယ်။ လောဘကြီးရင် သေတဲ့ အခါ ပြိတ္တာဘဝကို ရောက်တတ် ပါတယ်။

ဒီကြားထဲ ခိုးဝှက်လုယက်နေတဲ့သူတွေ ရှိတယ်လို့လည်း သိရပါတယ်။ မိမိတို့ရဲ့လုပ်ရပ်က မှန်လား၊ မှားလားဆိုတာ နည်းနည်းစဉ်းစားဆင်ခြင်ကြစေချင်ပါတယ်။ မိမိတို့အနေနဲ့ မလှူနိုင်ရင် နေပါ၊ ဒုက္ခရောက် နေတဲ့သူတွေကို ထပ်ပြီးဒုက္ခမပေးကြပါနဲ့လို့ ပြောချင်ပါတယ်။ အများပြည်သူဒုက္ခရောက်နေတဲ့အထဲ ထပ်ပြီး ဒုက္ခပေးတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူသင့်ပါ တယ်။

ကျွန်တော်တို့ နိုင်ငံမှာ ဖျောက်မရတဲ့ အကျင့်တစ်ခုလည်း ရှိပါသေးတယ်။ မီးရထား၊ ကား တို့ပျက်ပြီဆိုရင် ဈေးသည်တွေ ရောက်လာကြပြီး နှစ်ဆသုံးဆ တင်ပြီး ရောင်းချတာဖြစ်ပါတယ်။ အခုလို နေရာဒေသအနှံ့ သဘာဝ ဘေးအန္တရာယ်ကြုံနေတဲ့အချိန် ဆို စီးပွားရေးသမားတွေက သူတို့ အမြတ်ရဖို့ တစ်ခုတည်းကိုပဲ ကြည့်တတ်ကြပါတယ်။ ဩဂုတ် လ ၄ ရက်နေ့ထုတ် 7Day Daily သတင်းမှာ ရေဘေးကာလ ဆန်ဈေးတင်ရောင်းသူများကိုစားသုံး သူကာ ကွယ်ရေးဥပဒေနဲ့အရေး ယူမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောတဲ့အကြောင်း ဖတ်လိုက်ရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လည်း ဒီထက်ထိရောက်တဲ့ဥပဒေ တွေနဲ့ အရေးယူသင့်ပါတယ်။

လူရယ်လို့ဖြစ်လာရင် အ ရှက်၊ အကြောက်တရားနှစ်ပါးရှိ ရပါတယ်။ အများပြည်သူဒုက္ခ ရောက်နေတဲ့အချိန်မှာ အမြတ် ကြီးစားမယ်၊ လုမယ်၊ ခိုးမယ်ဆို တဲ့စိတ်တွေမွေးတာဟာ ရှက်ဖို့ ကောင်းသလို နောင်သံသရာအ တွက်လည်း မကောင်းပါဘူး။ ဘက်ပေါင်းစုံက ဝိုင်းဝန်းပြီးလှူ ဒါန်းမှုတွေပြုလုပ်နေတဲ့အချိန်မှာ မိမိတို့က စိတ်ကောင်းမမွေးဘဲ တစ်ကိုယ်ကောင်းဆန်နေကြမယ် ဆိုရင် မိမိတို့ရဲ့ လားရာလမ်းက မကောင်းတဲ့ လမ်းကိုရောက်ဖို့ သေချာနေပါတယ်။

ဈေးတင်ပြီးရောင်းချနေတဲ့ သူတွေရှိသလို ကောလာဟလတွေလွှင့်ပြီး ဆန်တွေလိုက်ဝယ် နေတဲ့သူတွေလည်း ရှိနေပါတယ်။ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဆန်နဲ့ အတူ စားသောက်ကုန်တွေလိုက် ဝယ်ကြ တာလည်း မဖြစ်သင့်ပါဘူး။ ဝယ်တဲ့သူကဝယ်တော့ ရောင်းတဲ့သူတွေကလည်း ကိုယ့်မိသားစုတစ်မျက်နှာ ကိုပဲကြည့်ပြီး အမြတ်တင်ရောင်းချလိုက်တဲ့အခါ အောက်ခြေလူတန်းစားတွေအတွက် တစ်ပူပေါ်နှစ်ပူ ဆင့်ဖြစ် ရပါတယ်။

ဂျပန်မှာ ဆူနာမီဒဏ်ခံရတော့ အစားအသောက်တွေဝေတဲ့အခါ အားလုံးတန်းစီပြီး စနစ်တကျနဲ့ယူကြ တယ်လို့သိရပါ တယ်။ ကလေးတစ်ယောက်တန်းစီနေတာကို စစ်သားတစ်ယောက်က မုန့်ပေးတဲ့အခါ အဲဒီကလေးက သူရတဲ့မုန့်ကို အများအတွက် ဝေနေတဲ့နေရာကို သွားပို့လိုက်ပါတယ်။ ပြီးတော့ သူ့နေရာသူပြန်လာပြီး ဆက်တန်းစီစောင့်နေ တယ်လို့ ဆရာမောင်သာချိုရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရ ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ‘ဘယ်နေရာမှာ ဘယ်သူဒုက္ခရောက်မလဲ၊ ငါတို့တော့ ကြုံတုန်း ဆော်ထည့်လိုက်ဦး’မှဆိုတဲ့ စိတ်တွေ မွေးတဲ့သူတွေရှိနေပါ သေးတယ်။ ဒီလိုလူတွေရှိနေသမျှ ဘယ်တော့မှ တိုးတက်မှာမဟုတ်ပါဘူး။

ရေဘေးသင့်တဲ့နေရာက ပြည်သူတွေအနေနဲ့ စားဖို့အတွက် အခက်အခဲနောက်မှာ ကျန်းမာရေးဆိုတာ တစ်ပါတည်းကပ် လိုက်လာပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်း ပုံမှန်ရောင်းချ ပေးသင့် ပါတယ်။ အခုလိုဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့အချိန်မှာ ကိုယ့်ဆွေမျိုးသားချင်းတွေလိုသဘော ထားပြီး အဓိကလိုအပ်နေတဲ့ အရာတွေကို ပုံမှန်အတိုင်းရောင်း ချပေးသင့်ပါတယ်။ မိမိတို့ရဲ့ ပစ္စည်းတွေကို အမြတ်မတင်ဘဲ အရင်းအတိုင်းရောင်းလိုက်ရလို့ ဆင်းရဲမသွားပါဘူး။ တစ်ဖက်တစ်လမ်းက ကူညီလှူဒါန်းခြင်း ဖြစ်ပါတယ်။ လူမှုကွန်ရက်အသုံး ပြုတဲ့ မိတ်ဆွေတစ်ယောက်က တချို့ဆေးဆိုင်တွေက ဈေးတွေလျှော့ပြီးရောင်းနေတယ်လို့ ပြောပြတဲ့အတွက် သာဓုခေါ်ရပါတယ်။

မိမိတို့ရဲ့ ဆွေမျိုးသားချင်းတွေခံစားနေရသလို မှတ်ယူပြီး နိုင်တဲ့ဘက်ကလှူဒါန်းကြတာတွေ ကြားသိရတဲ့ အခါ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဝိသမလောဘသားတွေ၊ ခိုးဆိုးလုယက်နေသူတွေသိဖို့အတွက် ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေ များပြားတဲ့အထဲက တချို့ကိုဖော်ပြပေးပါ့မယ်။ တောင်ဥက္ကလာပမြို့နယ်က အနှေးယာဉ်လုပ်သားကြီးဆိုရင် ‘‘ယနေ့ဆိုက်ကားနင်း၍ရသမျှ လုပ်အားခများကို ရေဘေးအတွက် လှူဒါန်းပါမည်’’လို့ ရေးသားပြီး အလှူဒါနပြုတာကို ဩဂုတ်လ ၄ ရက်နေ့ထုတ် 7Day Daily ဖေ့စ်ဘွတ်ခ်တစ်ခွင်မှာ ဖတ်လိုက်ရပါတယ်။ ဩဂုတ်လ ၃ ရက်နေ့ညက မန္တလေးမှာ ဇာတ်မင်းသားလေး စွမ်းဇာနည်ရဲ့မွေးနေ့မှာလည်း ရေဘေးအတွက်လှူကြတာတွေကိုလည်း ရုပ်မြင်သံကြားမှာ မြင်တွေ့ရပါ တယ်။ အဲဒီပွဲမှာ မအူပင်သားလေးနိုင်ငံကျော်တေးသံရှင် ညီလေးပိုင်သက်ကျော်ရဲ့ အလှူကိုကြားရတဲ့အခါ ဝမ်းသာပီတိဖြစ်လို့ မျက်ရည်တောင်လည်မိပါတယ်။ သူ့ရဲ့သီချင်းခွေလုပ်နေတာ ကျပ်သိန်း ၉၀ လောက်ကုန်မယ်လို့ခန့်မှန်းထားပြီး အခုရိုက်လက်စအနေနဲ့ ကျပ်သိန်း ၃၀ ကုန်ထားတယ်လို့ ဆိုပါတယ်။ အခုရိုက်နေတဲ့ သီချင်းခွေကို ဆက်မလုပ်တော့ဘဲ ကျန်တဲ့ကျပ်သိန်း ၆၀ ကို မြန်မာနိုင်ငံအနှံ့ ရေဘေးသင့်နေတဲ့ ပြည်သူတွေကို လှူဒါန်းမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းဖြစ်ပါတယ်။

ဒီစာရေးနေရင်းနဲ့ လူမှုကွန်ရက်သုံးတဲ့သူငယ်ချင်းက ဝမ်းသာအားရနဲ့ အိမ်အကူ မိန်းကလေးတစ်ယောက် ရဲ့ သဒ္ဓါစိတ်အကြောင်းကို လာပြောပြပါတယ်။ သူ့ရဲ့အိမ်ရှင်အမျိုးသားက သူ့သူငယ်ချင်းတစ်ယောက်နဲ့ ရေ ဘေးကယ်ဆယ်ရေးသွားဖို့ ဖုန်းပြောနေတဲ့အချိန် ကောင်မလေးက မီးပူတိုက် နေတယ်လို့ဆိုပါတယ်။ သူ့အိမ်ရှင်အမျိုးသားပြောတဲ့စကားကို ကြားသွားပြီး အဲဒီကလေးမလေးက အိမ်ရှင်အမျိုးသမီးကို ‘‘အန်တီ သမီးကိုလုပ်အားခ နှစ်လစာငွေ တစ်သိန်းထုတ်ပေးပါ’’လို့ပြောတဲ့အခါ အိမ်ရှင်အမျိုးသားက ‘‘ဟဲ့ ဒီမှာ သူများတွေရေဘေးအတွက် ဒုက္ခရောက်နေလို့ ကယ်ဆယ်ရေးသွားဖို့ အလုပ်ရှုပ်နေပါတယ်ဆိုမှ နင်ကတစ်မျိုးလို့’’ဆူလိုက်ပါတယ်။ ‘‘ဦးလေး ကယ်ဆယ်ရေးသွားရင် လှူလိုက်ချင်လို့’’ပါဆိုတော့ အိမ်ရှင်က ‘‘နင်ကဘယ် လောက်လှူမှာလဲ’’မေးတဲ့အခါ ‘‘တစ်သိန်း’’လို့ပြောတဲ့စကားသံကို ကြားလိုက်ရတဲ့ အိမ်ရှင်ဇနီး မောင်နှံနှစ်ဦးစလုံး အံ့အားသင့်ပြီး စို့နေတဲ့မျက်ရည်စကိုထိန်းကာ‘‘အေး’’ဆိုတဲ့စကားတစ်ခွန်းသာ ပြောလိုက်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ အဲဒီငွေတစ်သိန်းက အိမ်ဖော်ကလေးမလေးဆွဲကြိုးလုပ်ဖို့ စုထားတာလို့သိရပါတယ်။ လှချင်ပချင်တဲ့အရွယ်လေး။ ဆွဲကြိုးလုပ်ဖို့စုထားတဲ့ငွေကို လှူနိုင်တဲ့စိတ်ဓာတ်ဟာ ဘယ်လောက် မွန်မြတ်တဲ့စိတ်လဲဆိုတာသိသာပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ဒီလိုစိတ်ထားရှိတဲ့သူတွေပူးပေါင်းပြီး အခုဆိုရင် ရေဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေဆီကို သွားရောက်လှူဒါန်းနေကြတာ ဝမ်းမြောက်ပီတိဖြစ်စရာကောင်း ပါတယ်။

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အနှေးယာဉ်လုပ်သားကြီးနဲ့ အတူ ညီလေးပိုင်သက်ကျော်၊ အိမ်ဖော် ကလေးမလေးတွေလို လူသားဆန်ပြီး ကိုယ်ကျိုးစွန့် တတ်တဲ့ မြင့်မြတ်နှလုံးသားပိုင်ရှင် တွေကိုကြည့်ပြီး အမြတ်ကြီးစားချင်တဲ့ ဝိသမလောဘသားတွေ၊ အချောင်လိုချင်တဲ့ ခိုးဆိုးလုယက်နေတဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ် ကြပါ။ ရှက်တတ်ကြပါ။ မေတ္တာ ဖြင့်စီးပွားရှာကြပါ။ ရေနစ်နေတဲ့ သူကိုဝါးကူလို့ မထိုးကြပါနဲ့လို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

7Day Daily
လောဘ၊ ဒေါသ၊ မောဟ တွေကင်းတဲ့လူသားတွေများများ ပေါ်ထွက်လာကြပါစေ.. ။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ