Wednesday, August 5, 2015

ဧရာဝတီသားတို့ စည်းလုံးမှု မြစ်မင်းဧရာ အကဲစမ်းပြီ

သြဂုတ် ၅ ရက်က စိုးရိမ်ရေမှတ်အထက် သုံးပေခွဲကျော်ရောက်ရှိနေသော ဟင်္သာတမြို့တွင် ဦးပါရဲဘုရား အနီး ရေစိမ့်ဝင်မှုကြောင့် ရုတ်တရက်အနည်းငယ် အိကျသွားသည့် ရေကာတာပေါ်မှ အသံချဲ့စက်ဖြင့် သတိပေးသံကျယ် လောင်စွာ ထွက်ပေါ်လာသည်။

‘‘မြစ်ဘက်က သွားနေတဲ့စက်လှေတွေ ဖြည်းဖြည်းမောင်း ကြပါ။ ဟိုးဘက် ခပ်လှမ်းလှမ်းကနေမောင်းပါ။ လှိုင်းမထပါစေနဲ့။ ဖြည်းဖြည်းလေး မောင်းပေးကြ ပါ’’

ယင်းကဲ့သို့ သတိပေးချိန်မတိုင်မီ မိနစ်အနည်းငယ်ကဆိုလျှင် ရေကာတာကျိုးကျသွားပြီ ဟူသောသတင်း ကြောင့် မြို့ခံလူ ဦးရေထောင်ချီ၍ ခြေဦးတည့်ရာသို့ ပြေးလွှာနေကြချိန်ဖြစ်သည်။

သတင်းကြားရာနေရာသို့ မေးရင်းစမ်းရင်း ကား၊ ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာသောမြို့ခံများက ရေကာတာမကျိုးဘဲ အနည်းငယ်သာ အိကျသွားသည်ကို သိလိုက်ပြီးနောက် အနီးဝန်းကျင်အိမ်များနှင့် ခြံလွတ်များမှ မြေကြီးများကို ပေါက်တူးဖြင့်တူးကာ ရေစိမ့်ဝင်နေသည့်တာကို ဖို့ကြတော့သည်။ ရပ်ကွက် အတွင်း အမျိုးသမီးများလည်းရောက်လာသည်။ သဲအိတ်တွေ ထမ်းကြသည်။

ကျောင်းသားများ၊ အရပ်ဘက် အဖွဲ့အစည်းများလည်း လုပ်အား လာပေးကြသည်။ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ စစ်သားများနှင့် နိုင်ငံရေးပါတီများကလည်း သဲအိတ်တွေ ထမ်းပိုးလျက် လုပ်အားပေး ကြသည်။ တာခြေမှ အိမ်များက အိမ်ရှေ့နေရာတွင် သောက်ရေအိုးများ ချက်ချင်းဆိုသလို အသင့်ပြင်ထားပေးသည်။ မြို့ပေါ်ရှိ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းရှင်များက တာဖို့ရန်လိုအပ်သည့် သဲကျောက်များကို လိုသလောက်လာယူ စေသည်။ ယာဉ်ပိုင်ရှင်များ လမ်းပေါ်ထွက်လာကာ သဲအိတ်များကို တာနှင့် အနီးဆုံးနေရာအထိ ပို့ပေးကြသည်။ ထိုတဒင်္ဂတွင် ဟင်္သာတမြို့ပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်နေသည်။

ဟင်္သာတမြို့နယ်အပါအဝင် ဒေသတွင်းရှိ ညောင်တုန်း၊ ဇလွန်၊ အင်္ဂပူနှင့် လေးမျက်နှာမြို့တို့မှာ မြေနိမ့်နေရာအချို့ ရေနစ်မြုပ်နေသလို ကြံ့ခိုင်မှုစိတ်မချရသည့် ရေတာများကျိုးကျမည့်အရေး နေ့ရောညပါ စိုးရိမ်နေရသည်။ ရေနစ်မြုပ်နေသည့် မြို့ နယ်များ တိုင်းဒေသကြီးအတွင်း ဆယ်မြို့နယ် အထက်ရှိနေသည်ဟု လူကယ်ပြန်ဌာနက အတည်ပြုသည်။ ယင်းအခြေအနေကို ဧရာဝတီတိုင်းသားတို့ နည်းမျိုးစုံဖြင့် ကာကွယ်နေကြရခြင်းဖြစ်သည်။

‘‘တာကျိုးတယ်လို့ ပြောကြလို့ ရွာထဲက ယောက်ျားသားတွေ ဆိုင်ကယ်တွေဆွဲအမြန် ထွက်လာတာ။ ကျိုးတယ်ဆိုတဲ့နေရာကို။ ဒီကျတော့ တာအက်တာတဲ့။ ဒါကြောင့် သဲအိတ်တွေဝင်ထမ်းပြီး လုပ်အားပေး လိုက် တာ။ အခု စိတ်ချရသလောက်ရှိ ပြီ။ မြို့ထဲရေမ၀င်အောင် ကြုံသလိုတော့ ကာကွယ်ရမှာပဲ’’ဟု ရေ ကာတာကျိုးသည်ဟု သတင်းထွက်သည့်နေရာနှင့် နာရီဝက်ခန့် ဆိုင်ကယ်စီးမှသာရောက်နိုင်သည့် ဟင်္သာတမြို့နယ် ဖောင် ဆိပ်ကျေးရွာနေ ကိုလှသိန်းက ပြောသည်။

ဖောင်ဆိပ်ကျေးရွာသည်လည်း ရေနစ်မြုပ်မှုကြောင့် ဒေသခံရာနှင့်ချီ၍ ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံ နေရသည့် အခြေအနေဖြစ်သည်။

‘‘ကြိတ်လိုက်ကွ’’ ‘‘ကလေးမလေးမနိုင်ရင်မထမ်းနဲ့ ခါးနာမယ်’’ ‘‘ရေသောက်ကြဦး’’ ‘‘ဒီရေဘာခံ နိုင်မှာလဲကွ’’ဟူသော ကြွေးကြော်သံများဖြင့် ရုတ်တရက် နိမ့်ကျသွားသည့် ရေကာတာကို သဲအိတ်ပေါင်းရာချီ ဖို့လိုက်ခြင်းဖြင့် ဧရာဝတီမြစ်ရေ၏ ခြိမ်းခြောက်မှုကို ဟင်္သာတသားတို့ အန်တုလိုက်နိုင်သည်။ သဘာဝ ဘေးအန္တရာယ်အတွက် အန္တရာယ်ရှိ လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန်ထားသည့် ညောင်တုန်းမြို့၌ ဧရာဝတီမြစ်ရေ၏ ခြိမ်းခြောက်မှုကို နည်းမျိုးစုံဖြင့် အန်တုနေကြရသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ကယ်ဆယ်ရေးစခန်းများတွင်ပို့ထားကာ လူငယ်လူရွယ် အမျိုးသားနှင့် အမျိုးသမီး များက ကြံ့ခိုင်မှုစိတ်မချရသည့် ရေကာတာနေရာများတွင် လိုအပ်သလို လုပ်အားပေးနေကြ သည်။

‘‘ကျွန်တော်တို့ မြို့သားတွေကတော့ ဒီကာလကို အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်အောင် ၀ိုင်းပြီးခုခံနေတယ်။ ရေတက်လာပေမယ့် ကိုယ့်ဘက်က တောင့်ထားနိုင်တယ်လို့ ပြောလို့ရတယ်။ ရင်ဆိုင် လာရရင်လည်း ဆိုးဆိုးရွားရွားမဖြစ်တော့ဘူးလို့ယုံကြည်တယ်’’ဟု ညောင်တုန်းမြို့ ရေ ဘေးကယ်ဆယ်ရေး ကော်မတီမှ ကိုပိတူးကပြောသည်။

ဧရာဝတီမြစ် ကပ်လျက်စီးဆင်းသည့် ဇလွန်မြို့တွင်လည်း မြို့ခံများက သတိကြီးစွာ စောင့်နေကြသည်။ ဒေသတွင်း ဆည်လေးဆည်ရေများနေသည့် အင်္ဂပူမြို့၊ ဧရာဝတီမြစ်ရေ စီးဝင်သည့် င၀န်မြစ်၏ ခြိမ်း ခြောက်မှုကို ရင် ဆိုင်နေရသော ငသိုင်းချောင်းမြို့၊ တောင်ပေါ်မြို့လေး ပုံစံရှိသော မြောင်းမြမြို့ အပါအ၀င် ဧရာဝတီနှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းမှ မြို့တိုင်းနီးပါးသည် မြစ်ရေကြီးမည့်အရေးအတွက် အနည်းနှင့်အများ ကြိုတင်ပြင်ဆင်ထားသည်။ သို့သော် အပေါ်ပိုင်းဒေသအများစုကို ဒုက္ခပေး၍ ဖျက်အားပြင်းခဲ့သော မြစ်ရေများအောက်ပိုင်း မရောက်သေးဆို၍ ပြည်သူအများစု စိုးရိမ်ထိတ်လန့်နေ သည်။

အစိုးရပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများကို ကယ်ဆယ်ရေးအတွက် ၂၄ နာရီ တာဝန်ပေးထားသလို တပ်မတော်နှင့် ရဲတပ်ဖွဲ့ကလည်း အင်အားအမြောက်အမြားလာရောက် ကူညီနေကြသည်။ ဟင်္သာတမြို့ တွင် အစိုးရတပ်မတော် ခြေလျင်တပ်ရင်း အမှတ်(၁၈) ရှိနေသော်လည်း ယင်းတပ်ရင်းသာမက အခြားမြို့နယ်မှ တပ်မတော် တပ်ရင်းများလည်း အသက်ကယ်လှေများကို အသင့်အနေအထားပြင်ဆင်၍ စောင့်ကြည့်ပေးနေသည်။ ရေဘေးသတိပေးထားသည့် ဒေသတွင်းမြို့များအားလုံး၌ ယင်းကဲ့သို့ ပြင်ဆင် ထားခြင်းဖြစ်သည်ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

‘‘ကျွန်တော်ဆိုရင် တစ်နေ့ လုံး သုံးနာရီလောက်ပဲမှေးရတာ ဆယ်ရက်ရှိပြီ။ ဒီနေရာပေါက်လို့ ဖာနေတုန်း ဟိုဘက်ကပေါက်လို့ ပြေးရတယ်။ အရပ်သားတွေဝိုင်း ကူလို့သာနိုင်နေတာ’’ဟု ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာန အရာရှိတစ်ဦးကပြောသည်။

ဟင်္သာတခရိုင်အတွင်းမှာပင် ရေကာတာများပေါက်နေသည့် အပေါက်၂၄၈ ပေါက်ရှိနေပြီး ဧ ရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်နေသည်မှာ ၁၀ ရက်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒေသတွင်းမြို့နယ် များအားလုံးတွင် စိုးရိမ်ရေမှတ်အထက်၌ ရှိနေဦးမည်ဖြစ်ပြီး ထပ်မံ၍လည်း အနည်းငယ်တက်လာနိုင် သည်ဟု မိုး/ဇလက သတိပေးထားဆဲဖြစ် သည်။

မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်နှင့် အထက်ဘက်ရေကြီးနစ်မြုပ်စဉ် ရေမြင့်တက်နေသည့် ဆည်များကို ထိန်းချုပ်ရေလွှတ်ပေးရာတွင် ပါဝင်ခဲ့သူ ဆည်မြောင်းဦးစီးဌာနအရာရှိ ဦးစိုးမင်းလွင်ကလည်း ယခုအချိန်တွင် မြန်မာ့စပါးကျီဧရာဝတီတိုင်း ဒေသကြီးအတွင်းစီးဝင်လာသည့် ဧရာဝတီမြစ်ရေကြောင့် သဘာဝဘေးကာကွယ်ရေးကို အာရုံစိုက်ရန် တိုက်တွန်းထားသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ အများစု ရေလွှမ်းမိုးနေချိန်တွင် ရေစံချိန်တင်မြင့်တက်ကာ စီးပွားရေးမြို့တော် မုံရွာကို အန္တရာယ်ပေးရန် ခြိမ်းခြောက်သည့် ချင်းတွင်းမြစ်ရေကို မြို့ခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တပ်မတော်သားများနှင့် ရဲ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အစိုးရ၀န် ထမ်းများလက်တွဲကာ အနိုင်ယူ နိုင်ခဲ့သည်။

ယခုဧရာဝတီမြစ်နှင့် ဧရာဝတီသားတို့ ထိပ်တိုက်တွေ့ကြရပြီ။ မုံရွာသမိုင်းကိုနမူနာယူ၍ ဧရာဝတီတိုင်းသား  တို့ လက်များကို ခိုင်ခိုင်တွဲထားကြသည်။

‘‘ဒေါသကြီးလွန်းတဲ့ ချင်းတွင်းမြစ်ကို ကျွန်တော်တို့အန်တု နိုင်ခဲ့တယ်။ အစိုးရနဲ့ပြည်သူ ဟန်ချက်ညီရင် ဧရာဝတီတိုင်းသားတွေအနိုင်ရမှာပါ’’ဟု မုံရွာမြို့ခံ ကိုနိုင်မင်းက အားပေးပါသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ