အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းစာရင်းကို သြဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်ရာ တာဝန်ပေးအပ်ခံရသူ အမည်စာရင်း၌ အများက တစ်ပေးခံထားရသူများကျန်ရစ်ခဲ့ပြီး မထင်မှတ်ထားသူများပါဝင်လာခြင်းကြောင့် ပါတီတွင်းနှင့်ဒီမိုကရက် တစ် အင်အားစုများကြား လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။
၈၈ အရေးတော်ပုံမှ စတင်၍ ထင်ရှားလာခဲ့သော ကျောင်းသား ခေါင်းဆောင်၊ ၈၈ မျိုးဆက်(ငြိမ်း ပွင့်)ခေါင်းဆောင် ဦးကိုကိုကြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းအစိုးရ၏ အားနည်းချက်များကို ဝေဖန်ထောက်ပြမှုအများဆုံးပြုလုပ်ခဲ့သော ဒေါက်တာညိုညိုသင်း၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊ ဒေါက်တာသိန်းလွင်နှင့် အခြားထင်ရှားသော နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်အချို့ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်ခဲ့မှုမရှိခြင်းနှင့်ပတ်သက်၍ အင်န်အယ်လ်ဒီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ဝေဖန်မှုများ ကျယ်လောင်စွာထွက်ပေါ်နေ သည်။
‘‘ရွေးချယ်မှုက စိတ်ပျက်ဖို့ ကောင်းတယ်။ မျှတမှုရှိတယ်လို့ မထင်ဘူး’’ဟု ရန်ကင်းမြို့နယ်မှ အင်န်အယ်လ်ဒီ ကိုယ်စားပြု၍ တိုင်းဒေသကြီးလွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းခဲ့ပြီး ပယ်ချခံရသူထဲတွင် ပါဝင်ခဲ့သည့် ဦးမျိုးခင်က ပြောသည်။
ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် သက်ဆိုင်ရာဒေသအလိုက် ပြည်သူများထောက်ခံမှုရှိနေသည့်သူများ ပါဝင်မှုမရှိဘဲ အများပြည်သူနှင့်ထိတွေ့မှုနည်းပြီး နိုင်ငံရေးပုံရိပ်မကောင်းသူများပါဝင် လာခဲ့သည်ဟုဆိုကာ ပါတီတွင်း၌ပင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေသည်။ ထိုသို့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ လက်မခံနိုင်သောပါတီဝင်အချို့က နုတ်ထွက်မှုများရှိခဲ့ပြီး တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူအချို့လည်း ရှိလာသည်။
ထို့အပြင် ထင်ရှားသောနိုင်ငံရေးသမားများ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ချခံရခြင်းကလည်း အင်န်အယ်လ်ဒီအပေါ် ဒီမိုကရက်တစ်အင်အားစုများက ဝေဖန်ထောက်ပြစရာ တစ်ရပ်ဖြစ်နေကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့ လာသူများက ဆိုသည်။
‘‘ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ တခြားဘာအကွက်တွေရှိတယ် မသိနိုင်ပေမယ့် ထင်ရှားတာကတော့ လောလောဆယ် ဒီမိုကရက်တစ်တွေကြား နားလည်မှုတွေလွဲ၊ စိတ်ဆိုးမှုတွေဖြစ်နေကြပြီ’’ဟု နိုင်ငံရေးကျွမ်းကျင်သူ ယနေ့ခေတ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်ကဆိုသည်။
ထင်ရှားသော နိုင်ငံရေးသမားအချို့မှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းမခံရသော်လည်း ပါတီအာဏာရရှိပါက အစိုးရဖွဲ့ရာတွင် ဒုတိယသမ္မတနှင့်ဝန်ကြီး ရာထူးနေရာများအတွက် ချန်လှပ်ထား သော၊ ပြိုင်ဘက်များ မျက်စိလည်သော လှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်း ထင်မြင်သုံးသပ်ချက်များ ထွက်ပေါ်နေသော်လည်း ခိုင်မာတိကျသည့် သက်သေမရှိ ပေ။
အများမျှော်လင့်ထားသော ထင်ရှားသည့် ပုဂ္ဂိုလ်များပါဝင်မှု နည်းသွားပြီး ပါတီအတွင်း စိတ်ဝမ်းကွဲမှုအချို့ ဖြစ်နေရခြင်းကြောင့် ယင်းဖြစ်ရပ်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ၏ ရလဒ်အပေါ် ရိုက်ခတ်မှု များ ရှိလာမည်ဟု မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်သည်။
ထို့အပြင် လက်ရှိထွက်ပေါ်လာသော လူစာရင်းအရ ပြိုင်ဘက်ပါတီအတွက်ပင် အားသာသွားစေနိုင်သည့် အခြေအနေဖြစ်လာပြီး အင်န်အယ်လ်ဒီအနေဖြင့် အနိုင်ရရန် မဲဆန္ဒနယ်အချို့ ထင်ထားသည်ထက် အကြိတ်အနယ် ယှဉ်ရတော့မည့် အနေအထားဖြစ်လာကြောင်း ၎င်းတို့က သုံးသပ်သည်။
‘‘ဒီဖြစ်ရပ်ကြောင့် အင်န်အယ်လ်ဒီရဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိနိုင်မှု အလားလာရှိတဲ့ ရာခိုင်နှုန်း လျော့ကျသွားနိုင်တယ်’’ ဟု မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ထို့ကြောင့် အချိန်မီပြန်လည်သုံးသပ်ကာ ပါသင့်ပါထိုက်သောသူများကိုထည့်သွင်းပြီး လက်ရှိ ရွေးချယ်ထား မှုတွင် လူမှုရေး၊ စီးပွားရေးနှင့် ပြဿနာများရှိနေသူများကို ဖယ်ထုတ်ရှင်းလင်းသင့်သည်ဟု ၎င်းက အကြံ ပြုသည်။
ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ကသာ အဓိကတာဝန်ရှိပြီး မရိုးသားမှုများရှိနေသည်ဟု စွပ်စွဲပြောကြားမှုများရှိနေသော်လည်း အဓိကဆုံးဖြတ်သူမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည့်အတွက် ထင်ရှားသူအချို့ကျန်ခဲ့ခြင်းအပေါ် ၎င်းအနေဖြင့် မသိဘဲနေမည် မဟုတ်ဟု ဦးသက်ဇင်က သုံးသပ်သည်။
‘‘သူ့မှာ တခြားဘာရည်ရွယ်ချက်ရှိတယ်ဆိုတာ မသိနိုင်ပေမယ့် အခုပါတီအတွင်းနဲ့ ဒီမိုကရက်တစ်တွေကြား ဖြစ်နေတဲ့အခြေအနေက ကောင်းတဲ့အလားအလာမဟုတ်ဘူး။ စည်းလုံးညီညွတ်မှုရအောင် တစ်ခုခုပြန်လုပ် ပေးသင့်တယ်။ ဘာကြောင့် ဒီလိုရွေးချယ်ရသလဲဆိုတဲ့ ထုတ်ပြန်ချက်တစ်ခုခုလုပ်သင့်တယ်’’ဟု ၎င်း၏အမြင်ကို ပြောသည်။
သို့သော် လက်ရှိရွေးချယ်ထားသော လူစာရင်းမှာ ရွေးကောက်ပွဲတွင် အင်အားလျော့နည်းသွားနိုင်သည်ဟု သုံးသပ်မှုများကိုမူ လက်မခံကြောင်း၊ ၎င်းတို့ အနေဖြင့် သင့်လျော်သည့်ရွေးချယ်မှု ပြုလုပ်ထားခြင်းဖြစ်သည် ဟု အင်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြော သည်။
‘‘ရွေးချယ်မှုက အများစိတ်ဝင်စားတာ ထည့်မတွက်ဘူး။ ပါတီမူဘောင်နဲ့တွက်ပြီး ပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့ စိစစ်ရေးစီအီးစီအဖွဲ့တို့ က သေသေချာချာစိစစ်ပြီးရွေးတာ။ အားနည်းမယ်လို့ သုံးသပ်တဲ့သူတွေ မှန်၊ မမှန် ရွေးကောက်ပွဲမှာ စောင့်ကြည့်ပါ’’ဟု ဦးဝင်းထိန်က ပြောသည်။
နိုင်ငံရေးပါတီတွင် လူကြိုက်များသော နိုင်ငံရေးပုဂ္ဂိုလ်ပါဝင်မှုနှင့်နိုင်ငံရေးအကျိုးသက်ရောက်မှုမှာ တိုက်ရိုက်သက်ဆိုင်မှု ရှိ၊ မရှိ နှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေခြင်းမှာ နိုင်ငံတကာတွင်လည်း ဖြစ်ပေါ် လေ့ရှိသည်။
‘‘Popular Politic တိုင်းပြည်ထူထောင်ရေးအတွက် တစ်ခါတစ်ရံတော့ လိုအပ်ကောင်းလိုအပ်မယ်။ အမြဲရှိရမယ်လို့ ယူဆလို့မရဘူး။ ပြည်သူတွေက ဒါကို လိုလားတာက နာမည်ကြီးမပါရင် ခက်ခဲနိုင်တယ် ဆိုတဲ့ စိုးရိမ်တဲ့သဘောပေါ့။ အဲဒါမပါလို့ ထိခိုက်စရာဖြစ်မယ်လို့တော့ မမြင်ဘူး’’ဟု နာမည်ကျော် သရုပ်ဆောင်၊ ဒါရိုက်တာ ဇာဂနာ(ဦးသူရ)က ပြောသည်။
နိုင်ငံရေးပါတီများက သြဂုတ် ၁၆ ရက် နောက်ဆုံးထားပြီး ရွေးချယ်ထားသောကိုယ်စားလှယ်လောင်း စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင်ရမည်ဖြစ်သည်။
အင်န်အယ်လ်ဒီ ပါတီအနေဖြင့် တာဝန်ပေးအပ်လိုက်သော ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန် ကြေညာထားခြင်းသာရှိသေးပြီး တင်ပြထားခြင်းမရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထို့ကြောင့် အမည်စာရင်းပြင်ဆင်ပါက အချိန်မီသေးကြောင်း သုံးသပ်မှုများ ရှိသည်။
သို့သော် မကျေလည်မှု၊ အငြင်းရှိနေသည့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ပြန်လည်ပြင်ဆင်မှု များပြုလုပ်ရန် အကြံပြုတောင်းဆိုခြင်းများရှိနေသော်လည်း ပြင်ဆင်ရန်မရှိကြောင်း ဒီချုပ်ဗဟိုအလုပ်အမှု ဆောင် ဦးဝင်းမြင့်က ပြောသည်။
‘‘ဝေဖန်မှုကတော့ ရှိနေမှာပဲ။ တစ်ဖက်ကို ရွေးရင် တစ်ဖက်က ဝေဖန်မှာ သဘာဝပဲလေ။ ကျွန်တော်တို့ တွေက သေသေချာချာစိစစ်ပြီးမှ ဆုံးဖြတ်ထုတ်ပြန်တာ ဖြစ်တဲ့အတွက် ဒီထုတ်ပြန်ချက်ကို ပြန်ပြင်ဖို့မရှိဘူး’’ဟု ၎င်းက ပြောသည်။
ယခုကိုယ်စားလှယ်လောင်း တင်သွင်းရသောစနစ်မှာ စာရင်းတင်သွင်းပြီးပါက ပြန်ရုပ်သိမ်းခြင်းသာ ပြုလုပ် နိုင်ပြီး ပြင်ဆင်ရန်အခွင့်အရေး ရရှိနိုင်တော့မည်မဟုတ်သကဲ့သို့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ် အရည်အချင်း မပြည့်မီ၍ ပယ်ဖျက်ပါကလည်း အစားမထိုးနိုင်ပေ။
ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းကို ပညာရှင်အဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့တို့က ပါတီမှ ချမှတ်ထားသောမူဝါ ဒနှင့်အညီသာ အဆင့်ဆင့်စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယင်းရွေးချယ်မှုအပေါ် လက်ခံနိုင်ခြင်းမရှိ၍ ပါတီမှနုတ်ထွက်မည့်ဆိုပါက ၎င်းတို့၏ပါတီအပေါ် နဂိုကတည်းကထားရှိသည့် ရပ်တည်ချက်သဘောထားကို အကဲခတ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပါတီဝင်အချို့ နုတ်ထွက်မည်ဆို သည့်အပေါ် မှတ်ချက်ပေးသည်။
၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ကြိုတင်ထုတ် ဖော်ပြော ကြားထားသော ဒီချုပ်ပါတီဝင်ဖြစ်သူ ဒါရိုက်တာကြည်ဖြူသျှင်က...
‘‘ကျွန်မသတိပေးချင်တာက အခုချိန်ဟာ ပန်းတိုင်မဟုတ်သေးပါဘူး။ တိုက်ပွဲတောင် မဝင်ရသေး တဲ့ကာလ။ တပ်သားစုဆောင်းတဲ့ ကာလပါ။ အမတ်လောင်းတွေဆိုတာ ရှေ့တန်းစစ်မျက်နှာကို သွားရမယ့် တိုက်စစ်မှူးတွေပါ။ တိုက်ပွဲတစ်ခုမှာ ရှေ့တန်းကိုသွားရမယ့် သူရှိသလို နောက်တန်းမှာလည်း လူတော်တွေ ချန်နေခဲ့ရဦးမှာပါ။ ပြီးတော့ ကျွန်မ ထပ်ပြီးသတိပေးချင်တာက လွှတ်တော်သက်တမ်းဟာ ၅ နှစ်ပါ။ ဒီ ၅ နှစ်ထဲနဲ့ နိုင်ငံ့ အရေးဟာ မပြီးသွားပါဘူး’’ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။
7 Day Daily

No comments:
Post a Comment