Monday, August 4, 2014

အစ္စလမ်ဘာသာဝင် NLD ရှေ့နေ၏ PR ကန့်ကွက်ရေး ဟောပြောမှု မျိုးချစ်သံဃာများ လာရောက်ကန့်ကွက်


ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်ကွင်း၌ သြဂုတ် ၃ ရက်တွင် ရွေးကောက်ပွဲကို အချိုးကျဖြင့် တင်မြှောက်သည့် ပီအာရ်စနစ်အဖြစ် ပြောင်းလဲမည်ကို မထောက်ခံကြောင်း ဟောပြောနေသည့် အစ္စလာမ် ဘာသာဝင်တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သံဃာတော် ၂၀ ပါး ကျော် လာရောက်တားမြစ်ခဲ့သည်။

ဦးဆောင်ဟောပြောသူ ဦးကိုနီကို ကန့်ကွက်ကြောင်း မျိုးချစ်သံဃာ ဆရာတော်တို့က မိန့်ကြားပြီး ဟောပြောပွဲတွင် ပါဝင်ကူညီနေသည့် ဦးနေမျိုးဇင်က ဟောပြောပွဲ တည်တည်ငြိမ်ငြိမ်ဖြင့် ကျင်းပနိုင်ရေး၊ ယင်းနေရာ အနီးတစ်ဝိုက်တွင် အဓိကရုဏ်းပုံစံမျိုး မဖြစ်ပေါ်စေရေး ငြိမ်းချမ်းစွာ ကန့်ကွက်လိုပါက ကန့်ကွက်နိုင်သည်ဟု ပြန်လည် လျှောက်ထားခဲ့သည်။

ဦးနေမျိုးဇင်က “အကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေ၊ အရိပ်အမြွက်မျှတောင် မပါမိအောင် တပည့်တော်တို့ ကြိုးစားနေပါတယ်။ ငြိမ်ငြိမ်သက်သက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်အမျိုးဘာသာသာသနာ ဖွံ့ဖြိုးတိုးတက်စည်ပင်ဖို့ အခြားသော ဘာသာသာသနာဝင်တွေထက် ပိုပြီး မြင့်မြတ်ဖြူစင် တိုးတက်ကြောင်း အရည်အချင်းရှိတဲ့ နိုင်ငံကြီးသားတွေဖြစ်အောင် တပည့်တော်တို့ဘက်က ပြချင်ပါတယ်” ဟု ပြန်လည်ညှိနှိုင်းပြောခဲ့သည်။

မျိုးချစ်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင် ပုဇွန်တောင်မြို့နယ်၊ စင်ကာပူဘုန်းတော်ကြီးကျောင်းမှ အရှင်တေဇ၀ံသက “ပုဂ်္ဂိုလ်ကို မကြိုက်လို့၊ အခုက တိုင်းရင်းသား မဟုတ်တဲ့အတွက် အယုံကြည်မရှိဘူး။ ဒါကြောင့် မေတ္တာလာရပ်ခံတာပါ။ ပွဲလာ ဖျက်တာ မဟုတ်ဘူး။ ပီအာရ်ကို ဘုန်းကြီးတို့လည်း ကန့်ကွက်တာပဲ။ တခြားနိုင်ငံရေးသမားတွေ အများကြီးကို လက်ခံတယ်”ဟု မိန့်ကြားသည်။

ကန့်ကွက်ခံရသူ ဦးကိုနီက “ကျွန်တော်အတော်လေး စိတ်မကောင်းဖြစ်ရတယ်။ အခုလို နှောင့်ယှက်ဟန့်တားရအောင် ဘာအခွင့်အရေးတွေ ရနေလို့လဲ။ နောက်ခံဘယ်သူတွေက ပံ့ပိုးပေးနေလဲ။ ကျွန်တော်က နိုင်ငံသားတစ်ယောက်လေ၊ ရဲစခန်းက ကျွန်တော်ဟောပြောမယ်ဆိုတာကို တရားဝင် ခွင့်ပြုချက်ပေးထားပြီးသားပါ။ အခုလို ပေါ်ပေါ်တင်တင် လာရောက်နှောင့်ယှက်တာ တရားဥပဒေစိုးမိုးရေးက မရှိဘူးလား”ဟုပြောသည်။

ဟောပြောပွဲတည်ရှိရာ ဗိုလ်စိန်မှန်ကွင်းအတွင်းသို့ ခန့်မှန်းသံဃာတော် ၁၀ ပါးခန့်စီက တစ်သုတ်ချင်းစီ ကြွရောက်လာခြင်းဖြစ်ပြီး ဟောပြောပွဲစင်မြင့်အနားထိ ရောက်ရှိလာသည့် သံဃာတော်တချို့နှင့် ဟောပြောပွဲကို လာရောက်အားဖြည့် ကူညီသူ ဦးနေမျိုးဇင်တို့အကြား အချေအတင် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

mizzima

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ