Monday, August 4, 2014

သူတို့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သလား


ဒီတစ်ခေါက် လိုင်ဇာညီလာခံက တိုင်းရင်းသားအဖွဲ့တွေစုံ၊ ရက်ကလည်းရှည်၊ ကုလနဲ့ တရုတ်ကိုယ်စားလှယ်တွေလည်းပါနဲ့ တော်တော်စည်စည်ကားကား ရှုပ်ရှုပ်ထွေးထွေး ရှိလှပါတယ်။ တိုင်းရင်းသားတွေဘက်က ကြည့်ရင် စည်ကားတယ်လို့ ပြောနိုင်ပြီး အစိုးရဘက်က ကြည့်ရင် ရှုပ်ထွေးတယ်လို့ သတ်မှတ်မှာပါ။

အကြောင်းက ညီလာခံကို တက်တဲ့သူတွေဟြာ မစ်ကြီးနားကနေ လိုင်ဇာကို 
အဖွဲ့လိုက်တစ်မျိုး တစ်ယောက်စ နှစ်ယောက်စ တမျိုး နေ့စဉ်နဲ့အမျှ ကူးသန်းသွားလာနေတာပါ။ 
ဒီလိုသွားကြရတော့ နံပတ်တစ်လိုလာတာ လုံခြုံရေးကိစ္စဖြစ်ပြီး လမ်းခရီးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ရဲ့ ခွင့်ပြုချက် မဖြစ်မနေ လိုလာပါတယ်။ 
လိုတဲ့အတွက် ကြိုပို့စီစဉ်တဲ့ PCG အဖွဲ့ကလည်း နေ့စဉ်ပဲ မပခနဲ့ ပြည်နယ်အစိုးရဆီကို 
ခွင့်ပြုချက် တင်ရပါတယ်။ ဆိုင်ရာကလည်း နေ့စဉ် စီစစ်ခွင့်ပေးရပါတယ်။
 PCG က ခွင့်ပြုချက်မတင်ရင် ပြဿနာတက်ရင် တရားခံဖြစ်မယ်၊ 
မပခနဲ့ ပြည်နယ်အစိုးရကလည်း မစိစစ်လို့ ပြဿနာတက်ရင် တရားခံဖြစ်မယ်၊ 
ခွင့်မပြုပြန်ရင်လည်း တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေး ကတောက်ကဆ ဖြစ်ပြီး 
ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်တယ်။ ဆိုတော့ လုပ်ငန်းစဉ်က နှစ်ဘက်လုံးအတွက် 
ရှုပ်ရှုပ်ထွေးထွေး ရှိနေတာဖြစ်ပြီး မလုပ်လို့လည်း မဖြစ်တဲ့ လုပ်ငန်းစဉ်ဖြစ်နေတာပါပဲ။
အကြောင်းကတော့ အစိုးရနဲ့ ကေအိုင်အေက တရားဝင် အပစ်ရပ်မထားနိုင်သေးလို့ ဖြစ်ပြီး နှစ်ဘက်တပ်တွေ နီးနီးကပ်ကပ် ဆိုင်ထားတာတွေလည်း ရှိနေဆဲမို့ပါ။ 
ဘယ်ဘက်ကမှ အမှားမခံတဲ့ အနေအထားမျိုးဖြစ်ပြီး ဒါဟာလည်း ငြိမ်းချမ်းရေးကို 
ထိခိုက်မှာစိုးလို့ဆိုတာ တထစ်ချ ယူဆစရာပါ။ 
ဒါ့အပြင် လိုင်ဇာကနေ တရုတ်ဘက်အထွက်မှာရော မြစ်ကြီးနားဘက် အထွက်မှာပါ 
လုံခြုံရေးဆိုင်ရာ ပြဿနာအချို့ လောလောလတ်လတ် ဖြစ်ပွားထားတာပါ။ 
ဒါကို နှစ်ဘက်လုံး သိပါတယ်။

မနေ့က ပြဿနာဖြစ်တာ အဓိက ABSDF နဲ့ သက်ဆိုင်ပြီး လတ်တလော ပြဿနာအချို့ကြောင့်
တပ်က AB အဖွဲ့ဝင်တွေကို ထောက်ခံချက်ခိုင်ခိုင်လုံလုံမပါဘဲနဲ့ ဖြတ်သန်းခွင့်မပေးဖို့
အောက်ခြေအဆင့် ဆင့်ကို ညွှန်ကြားထားပါတယ်။ 
ဒီတော့ နန်ဆန်ယန်ဂိတ်က တပ်ရင်းမှူးက ခွင့်ပြုလို့ မရပါဘူး။
 ပြည်နယ်အစိုးရနဲ့ မပခ ဆီက ခွင့်ပြုချက်ရှိမှသာ သူကခွင့်ပြုလို့ရမယ့် အနေအထားပါ။ 
ဒီနေရာမှာ ABSDF ရဲ့ ပြဿနာ ဘာလဲဆိုတာ ကျွန်တော်မပြောလိုပါဘူး။
ပြဿနာရှိလို့ အထက်အမိန့်အရ အောက်ခြေတပ်ရင်းမှူးက တားဆီးတယ်ဆိုတာ သေချာပါတယ်။ 
အဲ့ဒီလိုတားဆီးတဲ့နေရာမှာ KNU က ပဒိုမန်းငြိမ်းတို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ယာဉ်တန်းကြီး ဖြစ်နေတာနဲ့ ကြုံပြီး မထင်မှတ်ဘဲ လူအုံသွားပါတယ်။ 
သမ္မတ ကာ/ချုပ်တို့နဲ့ ဆက်ဆံရေးကောင်းလှတဲ့ ပဒိုမန်းငြိမ်းကလည်း 
ဒီလိုတားရကောင်းလားဆိုပြီး ဒေါပွတဲ့ အနေအထား ဖြစ်ပြီး နေပြည်တော်ကို 
ချက်ခြင်းဆက်သွယ်မယ် ဘာမယ်ပြောတော့ အခိုက်အတန့် အငြင်းပွားကြပုံပါ။ 
ဒီနေရာမှာ တိုင်းရင်းသားခေါင်းဆောင်တွေရော ယာဉ်တန်းက အခြားတာဝန်ရှိသူတွေပါ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အဓိကအရေးကြီးအချက်တစ်ခုဖြစ်တဲ့ စေ့စပ်ညှိနှိုင်းမှု စွမ်းရည် ဘယ်လောက်နည်းနေလဲဆိုတာ မြင်သာနေတယ်လို့ ဆိုရမှာပါ။ PCG က ဦးဂွန်ဂျာ နောက်ကလိုက်လာပြီး ရှင်းပြတော့ ချက်ခြင်းပဲ မပခနဲ့ ပြည်နယ်အစိုးရက ခွင့်ပြုပေးလိုက်တာကိုကြည့်ရင် စွပ်စွဲပြစ်တင်ကြသလို တပ်ရင်းမှူးက သက်သက်လုပ်တာလား၊ အစိုးရက ညစ်တာလားဆိုတာ ပေါ်လွင်ပါတယ်။

ခုတွေ့နေရတာတွေက အကြောင်းအရင်းကို မစိစစ်ဘဲ အစိုးရနဲ့ တပ်ကို လက်လွတ်စပယ် စွပ်စွဲ ပြစ်တင်တာတွေဟာ စိတ်ပျက်စရာ ကောင်းလှပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် 
အပြု သဘောလုံးဝ မဆောင်ပါဘူး။ လိုင်ဇာညီလာခံမှာ KNU ဥက္ကဋ္ဌကြီး ပြောသွားတဲ့ တစ်ဖက်လူရဲ့ နေရာကို ဝင်ပြီးစဉ်းစားပေးဖို့ လိုတယ်ဆိုတဲ့ စကားကို သတိရမိပါတယ်။ ဦးဂွန်ဂျာသာ ယာဉ်တန်းနဲ့ အတူတူပါလာရင် သို့မဟုတ် ဒီဘက်ကခေါင်းဆောင်တွေက လုံခြုံရေးသာ နံပတ်တစ်ဖြစ်တဲ့ တပ်ရင်းမှူးနေရာက ဝင်စဉ်းစားပေးရင် အကျယ်အကျယ်ဖြစ်စရာ အကြောင်း လုံးဝမရှိပါဘူး။ 
ခုတော့ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကိုပဲ အကြောင်းပြုပြီး ရှေ့တန်းမှာ သူ့တာဝန်သူလုပ်တဲ့သူကို ရစရာမရှိအောင် ပုတ်ခတ်ကြသလို အစိုးရနဲ့ တပ်ကိုလည်း အရင်လိုဘဲဆိုပြီး ဆဲရေးပြစ်တင်ကြတာတွေ မြင်တွေ့ရတာ စိတ်မကောင်းစရာပါ။ ပြောင်းနေပါတယ်လို့ ဆိုနိုင်တဲ့ တပ်နဲ့အစိုးရကို မပြောင်းဘူးလို့ ဇွတ်အတင်း စွပ်စွဲနေသူတွေကြောင့် တကယ်ပဲ မပြောင်းတာမျိုးဖြစ်သွားမှာ စိုးလှပါတယ်။

နောက်တစ်ချက်က အဲ့ဒီပြဿနာနဲ့ ပတ်သက်ပြီး ABSDF အဖွဲ့ဝင်လည်းဖြစ် 
လိုင်ဇာညီလာခံ အပါအဝင် တိုင်းရင်းသားေ ဆွးနွေးပွဲတွေ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ တစ်နည်းတစ်ဖုံ ဝင်ပါနေတဲ့သူတစ်ယောက်က 'ကောက်ကျစ်တဲ့ ဗမာစစ်သားတွေက နန်ဆန်ယန်မှာ တားဆီးပိတ်ဆို့ခဲ့တယ်' ဆိုတဲ့ စကားဟာ ကျနော့်ကို အတော်ပဲ တုန်လှုပ်စေပါတယ်။ 
ဗမာစစ်သားတွေဆိုပြီး ကချင်အဖွဲ့ ကရင်အဖွဲ့တွေ ဆဲရေးတိုင်းထွာရင် ကျွန်တော် နားလည်နိုင်ပါသေးတယ်။ ခုဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး 
ABSDF ဆိုတဲ့ အဖွဲ့ဝင်တစ်ဦး နောက်ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပါဝင်ပတ်သက်နေသူတစ်ဦးက ဒီလိုသုံးနှုန်းပြောဆိုလိုက်တာ အလွန် ဝမ်းနည်းစရာပါ။ တကယ်ဆို အဲ့ဒီတပ်ရင်းမှူးရဲ့ 
အထက်မှာရှိတဲ့ ကန်တော်ယန်ပွိုင့်မှာ ထိုင်နေတဲ့ ဗျူဟာမှူးက ကရင်တိုင်းရင်းသားလို့ သိရပါတယ်။ 
ကျွန်တော်တို့ကိုယ်တိုင်လည်း အသွားလမ်းမှာ တွေ့ခဲ့ပါသေးတယ်။ အဲ့ဒီတစ်ယောက် ကြိမ်းမောင်းပြောဆိုထားတာ ဒီထက်ဆိုးတာတွေ အများကြီး ပါပါသေးတယ်။ 
သို့သော် AB နဲ့ အစိုးရအကြား ဘာပြဿနာရှိတယ်ဆိုတာ သူပြောမသွားပါဘူး။ 
သိလည်း သိပုံ မပေါ်ပါဘူး။

ပြဿနာပေါင်း သောင်းခြောက်ထောင်မက ရှင်းစရာရှိနေတဲ့ တိုင်းပြည်မှာ နန်ဆန်ယန်ကိစ္စက တကယ့်သေးသေးလေးပါ။ ဒါကိုပဲ အစိုးရနဲ့ တပ်ကို မုန်းတဲ့စိတ်တစ်ခုတည်းနဲ့ ပုံကြီးချဲ့ပြီး စွပ်စွဲ ပုတ်ခတ်တာတော့ တစ်ဆိတ်လွန်ပါတယ်။ အစိုးရနဲ့ တပ်ကိုဆဲတာ ကျွန်တော့်အတွက် နာစရာ မဟုတ်ပါ။ သို့သော် ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ ကိစ္စတစ်ခု သိသိကြီးနဲ့ ရေငုံနှုတ်ပိတ် မနေနိုင်ပါ။ ဒါကြောင့် အွန်လိုင်းမှာ လျှာရှည်တာ မကြိုက်တဲ့ ဆရာကို မျက်နှာပူစွာနဲ့ပဲ ပေရှည်လိုက်တာပါ။

လိုင်ဇာတစ်ဝိုက် ဒုက္ခသည်စခန်းတွေ၊ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေရဲ့ အနာဂတ်ကို တွေးကြည့်လိုက်တိုင်း ငြိမ်းချမ်းရေးက ချက်ခြင်းလက်ငင်းကို ဖြစ်နိုင်ရင် ရသင့်တဲ့ အနေအထားမို့ ငြိမ်းချမ်းရေးပျက်မှာကိုတော့ စိုးရိမ်လှပါတယ်။ ငြိမ်းချမ်းရေး ကာလ ရှေ့လျှောက် ဒီလိုပြဿနာတွေမျိုးတွေဟာ ဆက်တိုက်ကြုံလာအုံးမှာဖြစ်ပြီး နှစ်ဘက်လုံးက ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ အစိုးရကလည်း တစ်ခုခုဆို လျင်လျင်မြန်မြန် တုန့်ပြန်ဖြေရှင်းနိုင်တဲ့ ယန္တရားကို ဖန်တီးထားဖို့ လိုအပ်သလို တိုင်းရင်းသားတွေဘက်ကလည်း ခေါင်းဆောင်အချင်းချင်း ပိုမိုတဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ အရေးကြီးနေပါပြီ။

ဒီဖြစ်ရပ်ကြောင့် အမြတ်ရတာတစ်ခုကတော့ သတင်းတိကျမှန်ကန်မှုနဲ့ မီဒီယာရဲ့ အရေးကြီးပုံ၊ လူတွေရဲ့ စိတ်ထား အမြင့်အနိမ့်၊ ဒီမိုကရေစီ လိုလားသယောင်နဲ့ ဖျက်ဆီးနေသူတွေ၊ ပြည်သူကို ပါးစပ်ဖျားမှာ ထားပြီး ငြိမ်းချမ်းရေးပျက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသူတွေ၊ အကြောင်းအကျိုး ဆက်စပ်မှုတွေကို ပိုမိုတွေးဆလာနိုင်တာပဲ ဖြစ်ပါတယ်

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
တစ်ပြည်လုံး အပစ်ရပ်စာချုပ် စက်တင်ဘာ မှာ အောင်အောင်မြင်မြင် 
လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ပါစေ။
 
- လိုင်ဇာညီလာခံတွင် သွားရောက်သတင်းယူနေသော သတင်းထောက်တစ်ဦး၏
facebook စာမျက်နှာပေါ်တွင် ရေးသားထားမှုအား ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ