ပညာရှိဆိုသည် စည်ကြီးကဲ့သို့ တီးမှမြည်သည်၊ လာရောက် မေးမြန်းသော သူတို့ရှိမှသာ ပြောဟောလေ့ ရှိပြီး သူ့အလိုလို ပြောဆိုလေ့မရှိ ဆိုသော အဆုံးအမနှင့် ကြီးပြင်းခဲ့ရသော မြန်မာပညာရှိတို့သည် မတီးဘဲလည်း မြည်သင့် မသင့် စဉ်းစားချိန်တန်ပြီ ဖြစ်သည်။
အထူးသဖြင့် ပညာရည် နိမ့်ကျနေသော မြန်မာလူ့အသိုင်းအဝိုင်းတွင် နည်းနည်းသာ သိသောသူများက များများပြောဆိုနေချိန်တွင် များများသိသော သူများသည် နှုတ်ဆိတ်နေလျှင် နိုင်ငံအတွက် အကျိုးယုတ်လိမ့်မည် ဖြစ်သည်။
နည်းနည်းသာ သိသောသူတို့က မိမိကိုယ်ကိုယ် အဟုတ်ကြီးထင်ကာ ခပ်များများ ပြောကြသည်။ များများ သိသောသူက သိစရာ အများကြီးထဲတွင် သူနည်းနည်းသာ သိကြောင်း သိသွားသည့်အတွက် စကားကို ထိန်းကာ နည်းနည်းသာ ဆိုတတ်သည်မှာ သဘာဝသာ ဖြစ်သည်။
သို့ရာတွင် နည်းနည်းသိသော သူတို့ များများပြောကြ၊ ရေးကြသည့်အခါ အမှားတို့ ပါသော်လည်း သူတို့လောက် နည်းနည်းလေးပင် မသိသော သူတို့က ဖတ်မိ၊ နားထောင်မိသည့်အခါ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်သွားတတ်သည်။ ထို့ကြောင့် များများသိသော ပညာရှိများ၊ စဉ်းစား ဆင်ခြင်တတ်သူများသည် များများ မဟုတ်လျှင်သော်မှ မနည်းအောင် ပြောရန် လိုနေပါပြီ။ သို့မဟုတ်ပါက လွတ်လပ်စွာ ပြောဆိုရေးသား ဝေမျှနိုင်သော ခေတ်ကြီးတွင် နည်းနည်းသိသော သူတို့ပြောသော အလွဲများကို အဟုတ်မှတ်ပြီး အမှားကို အမှန်ထင်သော လူတို့ များသည်ထက် များကာ နိုင်ငံသည် အမှားနိုင်ငံတော်ကြီး အဖြစ်သို့ ကူးပြောင်း သွားရပေလိမ့်မည်။
“သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားမူ၊ ထူးခြားလိမ္မာ” ရှိမည်ဖြစ်ရာ များများသိသော သူတို့ များများမပြော၊ များများ မရေးလျှင်ပင် မနည်းအောင် ပြောကြ၊ မနည်းအောင် ရေးကြရပါမည်။
လူငယ်များအတွက်
No comments:
Post a Comment