ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းပြည်နယ်အတွင်း လမ်းတံတားများပြိုကျ ပျက်စီးခြင်း၊ မြေပြိုခြင်းဖြစ်ပေါ်လျက်ရှိပြီး ဇူလိုင် ၃ဝ ရက်က ဟားခါး-ဖလမ်းကားလမ်း မိုင်တိုင်အမှတ် (၁ဝ၇/ဝ)နေရာ၌ တောင်ကျရေတိုက်စားမှု ကြောင့် ကားလမ်းအက်ကွဲ၍ မြေပြိုမှုများဆက်လက်ဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားဒေသခံပြည်သူများအနေဖြင့် သတိ၊ ဝီရိယကြီးစွာထား၍ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာကြရေးလမ်းအူကြောင်းအသစ်များ စောလျင်စွာ အမြန်ဆုံးရှာဖွေဖောက်လုပ်နိုင်ရေး လိုအပ်သည့်စက်ယန္တရားများနှင့် လုပ်သားအင်အားများ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က မိမိတို့၏လုပ်ငန်းတာဝန်များ အလေးထားဆောင်ရွက်သွားရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ မင်းတပ်၊ တီးတိန်၊ ပလက်ဝ၊မတူပီနှင့် အခြားမြို့များ၌လည်း လမ်း၊ တံတားများ ပြိုကျပျက်စီး ခြင်း၊ လယ်မြေကွက်များ၊ ငါးကန်များ ရေလွှမ်းပျက်စီးခြင်း၊ လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးဒဏ်သင့် ပြည်သူများအားထောက်ပံ့ ပစ္စည်းများ ကူညီပေးအပ်ခြင်းတို့ကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၃၁ ရက်က ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်ရှိ တော်လှန်ရေးရေကန်အတွင်း ရုန်းတောင်မှ ရွှံ့ရေနှင့်သစ်ပင်များ မျောပါလာကာ ရေကန်ပြည့်လျှံမှုကြောင့် လူနေအိမ်နှစ်လုံး ပြိုကျပျက်စီးသဖြင့် ကျန်အဆောက်အအုံများ ဆုံးရှုံးမှုထပ်မံမဖြစ်ပွားစေရေး ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ကြီးကြပ်၍ ရေစီးရေလာကောင်းမွန်ရေးအတွက် စက်ယန္တရားများဖြင့် ရှင်းလင်းခြင်းနှင့် ယင်းပတ်ဝန်းကျင်ရှိ ပြည်သူတို့ အား ဘေးလွတ်ရာမြို့သစ်ရပ်ကွက် အ-ထ-က(၂)သို့ ယာယီပြောင်းရွှေ့နေထိုင်ရေး စီစဉ်ပေးခဲ့သည်။
ဟားခါးမြို့တွင် ဇူလိုင် ၃၁ ရက်အထိ သဘာဝဘေးသင့် ဒုက္ခသည်ပြည်သူ ၃ဝဝ ခန့်အတွက် ခိုင်ကမ်းအားကစားရုံ၊ ကာဆင်ဟောလ်၊ လက်ဖက်ပြခန်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းများ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကာ ၄င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးတို့ကို ပြည်နယ်အစိုးရအဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင် ပြည်သူများက ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကိုဆောင်ရွက် ပေးလျက်ရှိသည်။
(ချင်းပြည်နယ် ပြန်/ဆက်)
MOI
မြန်မာ့သားကောင်း
No comments:
Post a Comment