Thursday, August 6, 2015

မြို့လယ်ကောင်နှင့် လူစည်ကားရာများတွင် အကြမ်းဖက်မှု များလာ၍ ရန်ကုန်တွင် လုံခြုံရေး အထူးတိုးမြှင့်

ရန်ကုန်မြို့လယ်ကောင်နှင့် လူစည်ကားရာနေရာများတွင် အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှုများနှင့် လူသတ်မှု ဖြစ်ပွားလာမှုများမှာ ယခင်လထက် ပိုမိုမြင့်တက်လာသောကြောင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့က တပ်ခွဲသုံးခွဲနှင့် ခရိုင်လေးခုက တပ်ခွဲများပူးပေါင်းကာ မြို့နယ်အနှံ့ လုံခြုံရေး အထူးတိုးမြှင့်ဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲမှူးကြီး ဝင်းဗိုလ်က ပြောကြားသည်။

“တပ်ခွဲတစ်ခုမှာ တပ်ဖွဲ့အင်အား တစ်ရာရှိတယ်၊ တပ်ခွဲတွေက သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး နေရာအနှံ့မှာ နေ့ညလှည့်ကင်း၊ ဝပ်ကင်းနဲ့ အသွင်ယူစုံစမ်းမှုတွေ ဆောင်ရွက်နေတယ်၊ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်နေသလို ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ကွက်အလိုက် လုံခြုံရေး ဆောင်ရွက်ဖို့အတွက် အသင်းအဖွဲ့တွေဖွဲ့ပြီး လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်စေချင်တယ်” ဟု ၎င်းက ပြောကြားသည်။

သြဂုတ်လ ၂ ရက်နေ့က လူစည်ကားရာ ဘုရင့်နောင်ပွဲရုံဝင်းတွင် ညနေ ၄ နာရီခန့်က တုတ်၊ ဓား လက်နက်မျိုးစုံ ကိုင်ဆောင်ထားသည့် လူအုပ်စုက အမျိုးသားတစ်ဦးကို ဓားပြတိုက်ခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန် မြို့လယ်ကောင်ဖြစ်သော လမ်းမတော်မြို့နယ်၊ ပြည်လမ်းပေါ်ရှိ Farmer Money Changer ဆိုင်တွင် အမည်မသိ အမျိုးသားလေးဦးက ဆိုင်ဝန်ထမ်းကို ရိုက်နှက်ကာ ငွေထုပ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ သိရှိရသည်။

“ဘုရင့်နောင်ပွဲရုံဝင်းမှာ ဓားပြအဖွဲ့ ၁၁ ယောက်ကို ဖမ်းမိတဲ့နေ့က လှိုင်သာယာနဲ့ အင်းစိန်မှာ ဆိုင်ကယ် တွေနဲ့ အုပ်စုဖွဲ့ လုယက်မှုတွေ ထပ်ဖြစ်ခဲ့တယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လက မြို့လယ်ကောင် ၂၃ လမ်းမှာ မိန်းခလေးတစ်ဦးကို ကြေးစားလူသတ်သမားနဲ့ လုပ်ကြံသတ်ခိုင်းမှု ဖြစ်ခဲ့တယ်။ ဒီအမှုတွေမှာ ပြစ်မှု ကျူးလွန် သူတွေ ဖမ်းမိပေမယ့် လွတ်မြောက်နေတဲ့သူတွေ အများကြီးပဲ၊ ဒီကြားထဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခိုး/ဆိုး/လု/နှိုက်တွေပါ ထောင်ကလွှတ်ပေးလိုက်တဲ့အထဲပါလာတော့ မှုခင်းကျဆင်းစေဖို့ မြို့နယ်အနှံ့မှာ လုံခြုံရေးကို အထူးတိုးမြှင့်ဆောင်ရွက်နေရတယ်” ဟု ရဲအသိုင်းဝန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ 

မြန်မာနိုင်ငံတစ်ဝန်းတွင် လူဦးရေအထူထပ်ဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင် သူများနှင့် ပျံကျလုပ်ကိုင် စားသောက်နေသူများ ပိုမိုထူထပ်လာခြင်းက မှုခင်းဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက် လာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲမှူးကြီး ဝင်းဗိုလ်က ၎င်း၏အမြင်ကို သုံးသပ် ပြောကြားသည်။

“လူဦးရေရှစ်သန်းလောက်ရှိတဲ့ ရန်ကုန်က မဂ္ဂါစီးတီးဖြစ်နေပြီး ရဲတပ်ဖွဲ့ဝင်အင်အားနည်းတာကြောင့် တပ်ဖွဲ့ဝင် တစ်ယောက်က လူ ၁၃၀၀ လောက်ရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးနေရတယ်၊ ဒါကြောင့် လိုအပ်ချက်တွေ ရှိလာနိုင်ပြီး ဒုစရိုက်မှုတွေ အဖြစ်များလာတာ၊ အဓိက ဖြစ်စဉ်အများစုက ငွေကြေးလိုအပ် ချက်ကြောင့် ရိုက်နှက်လုယက်လူသတ်မှုတွေ ဖြစ်လာတာတွေ့ရတယ်။ ပြစ်မှုကျူးလွန်သူတွေက ကျူးကျော်ဘက်တွေ တိမ်းရှောင်သွားတာကြောင့် စုံစမ်းဖော်ထုတ်ရခက်တယ်။ ဆိုင်တွေ အိမ်တွေမှာ CCTV တွေကို တပ်ဆင်ထားဖို့ မြို့နယ်အနှံ့ကို တိုက်တွန်းနေပါတယ်။ ဒီမှတ်တမ်း ရှိခဲ့ရင် ပြစ်မှုကျူးလွန်သူ မည်သူမည်ဝါဆိုတာသိရပြီး စုံစမ်းဖော်ထုတ်ရတာ မြန်ဆန်တယ်။ ဒါကြောင့် ပြည်သူတွေကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က ပူးပေါင်း ပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီလမှ ဇူလိုင်လ ၃၁ ရက်နေ့အထိ လူသတ်မှု ၁၀၃ မှု အနက် လုယက်မှု ၃၅ မှုအထိ ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လက လူသတ်မှု ၁၅ မှုနှင့် လုယက်မှုနှစ်မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လတွင် လူသတ်မှု ၁၆ မှုနှင့် လုယက်မှု ၁၂ မှုအထိ ဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူ အများစုမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများထံမှ သိရှိရသည်။

“မြို့နယ်အနှံ့ မှုခင်းကျဆင်းရေးအတွက် နေ့ညလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ မြို့စွန်ရပ်ကွက်တွေအထိပါ လှည့်ကင်းဆောင်ရွက်တာမျိုးတွေ ပြုလုပ်နေပြီး မင်္သကာသူတွေကိုပါ လိုက်လံဖမ်းဆီးစစ်ဆေးနေတယ်။ လတ်တလော ထောင်ကလွတ်ငြိမ်းနဲ့ လွတ်လာတဲ့ အကျဉ်းသား ခုနှစ်ထောင်နီးပါးမှာ ဘယ်သူကလူသတ်မှု၊ မုဒိမ်းမှု၊ ခိုး/ဆိုး/ လု/နှိုက်မှုတွေ လွတ်လာ တယ်ဆိုတာ ထောင်က စာရင်းမရသေးဘူး၊ ရပြီဆိုတာနဲ့ လွတ်လာတဲ့ ဒီလူတွေ နေထိုင်တဲ့ မြို့နယ်တွေက ရဲတပ်ဖွဲ့က သူတို့ရဲ့ လှုပ်ရှား နေထိုင်မှုတွေကို အမြဲစောင့်ကြည့် သွားဖို့ စီစဉ်ထားပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ