Sunday, August 2, 2015

ရေဘေးဒုက္ခသည်များ ဆန်၊ ဆီ၊ ဆား၊ ရေသန့်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

ရေဘေးသင့်ဒေသများအတွက် အရေးပေါ်လိုအပ်နေသည်မှာ ဆန်၊ ဆီ၊ ဆား၊ ရေသန့် နှင့် ဆေးဝါးများ ဖြစ်ကြောင်း ရေဘေးဒုက္ခသည်များက ပြောသည်။ထို့အပြင် လမ်းတံတားများကျိုးကျ ခြင်းနှင့် ကားလမ်းများ ပျက်စီးနေခြင်းတို့ကြောင့် အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်နေသည်။

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် ရေလွှမ်းမိုးမှုအပြင် မြေပြိုကျမှုများနှင့် လမ်း၊ တံတား ပျက်စီးမှုများကို အများဆုံးကြုံတွေ့ ခဲ့ရပြီး စားနပ်ရိက္ခာပြတ်လပ်မှုကိုလည်း ဆိုးဆိုး ရွားရွားကြုံတွေ့နေရသည်။ ဟားခါးမြို့ပေါ်တွင် ယနေ့ နံနက်အထိ အိမ်ပြိုကျမှုများရှိနေပြီး ကယ်ဆယ်ရေးစခန်းသုံးခု၌ လူဦးရေ ၁၆၀၀ ခန့်ခိုလှုံနေသည်ဟု ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရန်နန်မ်းက ပြောသည်။ စုစုပေါင်း အိမ်လုံး ရေ ၄၀၀ ခန့်ပျက်စီးခဲ့ပြီး စားသုံးကုန်နှင့်အ၀တ်အထည် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ဒေါ်ရန်နန်မ်းက ပြောသည်။ လမ်းများပိတ်ဆို့နေပြီး လေကြောင်းလမ်းသာ အဆင်ပြေဆုံးဖြစ်နေသည်။ လမ်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေသော်လည်း စက်ယန္တရားများအတွက် စက်သုံးဆီလိုအပ် လျက်ရှိနေကြောင်း လမ်းဖောက်လုပ်နေသည့် ကုမ္ပဏီဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပလက်ဝ

ပလက်ဝမြို့ပေါ်တွင် ရေဘေးကြောင့် အိမ်ငါးလုံးထက် မနည်းပြိုကျခဲ့ပြီး အခြားအန္တရာယ်ရှိ အဆောက် အအုံများလည်း ရှိနေသည်။ သြဂုတ် ၂ ရက်တွင် နံနက် ရေပြန်ကျနေပြီဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်နေကာ ဆန်နှင့် အခြားစားသောက်ကုန်များ အရေးပေါ်လိုအပ်နေသည်။

စစ်ကိုင်း

ရေလွှမ်းမိုးခဲ့သော မြို့နယ်များမှာ ရေများ ပြန်လည်ကျဆင်း သွားပြီဖြစ်သော်လည်း အရေးပေါ် အကူအညီများစွာ လိုအပ်နေဆဲ ဖြစ်သည်။

ကောလင်းမြို့မှာ ဆိုးရွားစွာ ရေဘေးဒဏ်ခံစားခဲ့ရပြီး လက်ရှိအချိန်ရေပြန်ကျသွားပြီဖြစ်သော်လည်း နေထိုင်မှုအခက်အခဲနှင့် စားသောက်ရန် အခက်အခဲများစွာကြုံတွေ့နေသည်။ ကောလင်းအနောက်ဘက်ရှိ ကျေးရွာများတွင် ပိတ်မိနေသူများစွာရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကူညီကယ်ဆယ် မှု လိုအပ်သလောက် မရောက်သေးဟု ကောလင်းမြို့မှ ဘုန်းတော်ကြီး အရှင်ပဏ္ဍိစ္စက ပြောသည်။

ကလေး

အဓိကလိုအပ်နေသည်မှာဆန်နှင့် စားသောက်ကုန်များဖြစ်သည်။ ကလေးမြို့တွင် ရေငြိမ်သွားပြီဟု သိရ သည်။ လက်ရှိအချိန်တွင် သောက်ရေသန့်နှင့် စားသောက်ကုန်များ အဓိကလိုအပ်နေသေးသည်။

‘‘ဒီမှာက ဆန်ကဈေးကြီးပြီး ၀ယ်လို့မရကြဘူး။ နောက်ထပ် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် လည်း ပစ္စည်းတွေလိုအပ်တယ်။ ကုန်လမ်းခရီးကလည်း သွားမရတော့ သယ်ယူရေးအတွက် ခက်တယ်’’ဟု ၎င်းက ဆိုသည်။

မကွေးတိုင်း

မကွေးတိုင်းရှိ ရေနစ်မြုပ်နေသောကျေးရွာများစွာ၌ ပိတ်မိနေသူ ထောင်ချီရှိနိုင်သေးသည်ဟု ဒေသခံအဖွဲ့ အစည်းများက ဆိုသည်။ ထို့အပြင် မုန်းချောင်း၊ မန်းချောင်းများ နံဘေးရှိ ကျေးရွာများတွင် ထောက်ပံ့ ပစ္စည်းများထက် ကူညီကယ်ဆယ်ရေးကို အဓိက လိုအပ်နေသည်။

ပွင့်ဖြူ

ပွင့်ဖြူမြို့တွင် ရောက်ရှိနေသော 7 Day Daily သတင်းထောက်များ ပေးပို့ချက်အရအရေးပေါ် အကူအညီ များဖြစ်သော ဆန်၊ ဆီ၊ရေသန့်၊ ရေသန့်ဆေးနှင့် အ၀တ်အစားများ လိုအပ်နေသည်။ မိုးရွာသွန်းမှု မရှိတော့ သော်လည်း ရေလုံးဝပြန်မကျသေးသဖြင့် သွားလာရေးအဆင်မပြေဘဲ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

စေတုတ္တရာ

စေတုတ္တရာသည်လက်ရှိ အချိန်အထိ အရေးပေါ်ကယ်ဆယ်မှုများ လိုအပ်နေဆဲဖြစ်ပြီး ကူညီထောက်ပံ့ သူများ အလာနည်းနေသေးသည်ဟု ဒေသခံများနှင့် သွားရောက်လှူဒါန်းသူများက ဆိုသည်။ ဆန်၊ဆီ၊ ဆားနှင့် ဆေးဝါး များလိုအပ်နေပြီး နေထိုင်ရန်အတွက် ဆိုးရွားစွာ အခက်အခဲရှိနေကာ မြို့နှင့်နီးစပ်ရာ တောင်ကုန်းများတွင် တဲထိုး၍ နေထိုင်ရသူများရာနှင့်ချီ၍ ရှိနေသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်တွင် ရေဘေးဒုက္ခသည် သုံးသောင်းကျော်အတွက် စားနပ်ရိက္ခာ၊ ရေသန့်ဆေးပြားနှင့် ကျန်းမာရေးစောင့်ရှောက် မှုများ အရေးပေါ်လိုအပ်နေသည်။

ကျောက်တော်

ကျောက်တော်မြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာပေါင်း ၂၀ ခန့်မှ ရေဘေးဒုက္ခသည် တစ်သောင်းခွဲခန့် သည် ဘုန်းတော်ကြီး ကျောင်းများအပါအ၀င် နီးစပ်ရာများ၌ ခိုလှုံနေရပြီး စားနပ်ရိက္ခာ၊ ရေသန့်များ ပြတ်လပ်နေကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်နေသူများက ပြောသည်။

မင်းပြား

မင်းပြားမြို့နယ်တွင် သြဂုတ်၂ ရက်၌ ရေပြန်ကျသွားသော်လည်း စားနပ်ရိက္ခာနှင့် ရေသန့်များအရေးတ ကြီး လိုအပ်နေကြောင်း သတင်းရရှိသည်။

‘‘ရွှံ့တွေက လမ်းတွေ၊ ရေကန်တွေမှာ တင်ကျန်ခဲ့တော့ သောက်ရေကအစပြတ်နေတယ်။ အကူအညီ အများကြီးလိုအပ်နေ တယ်’’ဟု ကယ်ဆယ်ရေးဆောင် ရွက်နေသူ တစ်ဦးကပြောသည်။

မြောက်ဦး

မြောက်ဦးမြို့တွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း ဘုန်းကြီးကျောင်းများအပါအ၀င် ယာယီစခန်းများ၌ ခိုလှုံနေသူ ထောင်ဂဏန်းအတွက် စားရေရိက္ခာနှင့် ရေသန့်များ လိုအပ်နေသည်။‘‘ရေပြန်ကျသွားလို့ ရှင်းလင်းရေးတွေလုပ်နေပါပြီ။ တပ်မတော်ကလည်း ရိက္ခာတွေဖြန့်ပေးနေတယ်’’ဟု မြောက်ဦးမြို့နယ်ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ကရင်ပြည်နယ်

ကရင်ပြည်နယ်ရှိ ဘားအံ၊ ကမာမောင်း၊ ဖာပွန်နှင့် လှိုင်းဘွဲ့၊ မြို့တို့တွင် မြေနိမ့်ရပ်ကွက်များ ရေလွှမ်းမိုးမှု ရင်ဆိုင်နေရကြောင်း အစိုးရ တာဝန်ရှိသူက ပြောသည်။ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ ၆,၀၀၀ ခန့် ခိုလှုံနေရပြီး စားသောက်ကုန်အရေးပေါ်လိုအပ်နေသည်။

ဘီလင်း

ဘီလင်းမြို့တွင် မြို့ပေါ် ရပ် ကွက် ငါးခု၊ ကျေးရွာ ၁၁ ခု ရေနစ်မြုပ်နေပြီး လူဦးရေ ၄,၆၀၀ ကျော် ကယ်ဆယ်ရေးရေးစခန်း များတွင် ခိုလှုံနေရသည်ဟု မွန်ပြည်နယ်လူကယ်ပြန်ဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ပြောသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ