Wednesday, August 13, 2014

တံတားဦး NLD ဥက္ကဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်သန္တာမှ အမေ့အိမ်ပညာဒါန အလှူငွေ သိန်း ၅၀ ကျော် အလွဲသုံးစားလုပ်ခဲ့

တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာမှ အမေ့အိမ်ပညာဒါန အလှူငွေ သိန်း ၅၀ ကျော်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း တံတားဦး ပါတီဝင်များထံမှ သတင်းရရှိသည်။ အမေ့အိမ်ပညာဒါနကျောင်းအတွက် အမရပူရမြို့နယ် မြစ်ငယ်ရပ်မှ အလှူရှင်တစ်ဦး၏ ကျပ်သိန်း ၅၀ နှင့် အခြားပြည်သူများထံမှ ကောက်ခံထားသည့် အလှူငွေ သိန်း ၂၀ ကျော် ကို အဖွဲ့ချုပ် မြို့နယ်ဥက္ကဌဒေါ်ခင်သန္တာမှ ပညာဒါနအတွက်မသုံးပဲ ကိုယ်ကျိုးအတွက်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာမှ ပြည်သူ့အလှူငွေများကို ကိုယ်ကျိုးအတွက်သုံးစွဲကာ ၎င်းနာမည်ဖြင့် မြေကွက်ဝယ်ယူခဲ့ခြင်းကြောင့် အမေ့အိမ်ပညာဒါနကျောင်းကော်မတီဝင် ဦးတင်စိုးမှ NLD ဗဟိုပညာရေးကွန်ယက်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့အလှူငွေ အလွဲသုံးစားလုပ်မှုဖြင့် ဒီချုပ် မြို့နယ် ဥက္ကဌ ဒေါ်ခင်သန္တာအပါအဝင် အတွင်းရေးမှူးဦးမျိုးလွင်နှင့် ဘဏ္ဍာရေးမှူးဦးကိုကိုနိုင်တို့ကို စစ်ဆေးလျှက် ရှိကြောင်း အမည်မဖော်လိုသူ NLD ပါတီဝင် တစ်ဦးမှ ဆိုသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့ကလည်း NLD ပါတီ ရုံးခန်း၌ တံတားဦး NLD ပါတီဝင်များဦးစီး၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်သန္တာအား တာဝန်မှရပ်ဆဲနိုင်ရေးအတွက် လူထုမျက်နှာစုံညီအစည်း အဝေးတစ်ခုကျင်းပခဲ့ဖူးပြီး အစည်းအဝေးတွင် NLD ပါတီ သဘာပတိအဖွဲ့ဝင်များဖြစ်သော ဦးကိုလေး(အင်းဝ ဂုဏ်ရည်) ၊ ဦးဝင်းဖေ ၊ ဦးခင်မောင်တင့်နှင့် ဦးဝင်းထိုက်၊ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌ ဦးဘိုဖြိုး၊ ကျောက်ဆည်ခရိုင် ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာအောင်စိုးမြင့်အပါအဝင် ပါတီဝင် (၁၂၀) ဦးတို့တတ်ရောက်ခဲ့ကြကြောင်းသိရသည်။ ဒေါ်ခင်သန္တာသည် ဥပဒေဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးဖြစ်သဖြင့် ပါတီဝင်များကန့်ကွက်ထားသော်လည်း မြို့နယ်ဥက္ကဌအဖြစ် ဆက်လပ်ရပ်တည်နေခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်သန္တာမှာ ပြီးခဲ့သည့်ဇူလိုင်လအတွင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် PR စနစ်ကို ကန့်ကွက်ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေ ပုဒ်မ ၄၃၆ အရ တစ်နိုင်ငံလုံးလူထုဆန္ဒရယူပြီးမှသာ PR စနစ်ကို ပြောင်းလဲသင့်ကြောင်း၊ ပြည်သူ့ဆန္ဒကို အဓိကထားရန်လိုအပ်ကြောင်း၊ အနိုင်နှင့်အရှုံးကို သတ္တိရှိရှိရင်ဆိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ပြည်သူမှ ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပြည်သူ့ထံမှ အလှူငွေကောက်ခံကာ မိမိနာမည်ဖြင့်မြေကွက်ဝယ်ယူမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပထမဆုံးဖြစ်ပြီး ဒေါ်ခင်သန္တာ၏လုပ်ဆောင်မှုကြောင့် ပြည်သူများမှ NLD ပါတီမှ အမျိုးသမီးအမတ်များအပေါ် ယုံကြည်မှု နည်းလာသည့်အပြင် ပြည်သူ့လွှတ်တော်အပေါ်လည်း လေးစားမှုလျော့နည်းလာမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ထားသည်။

From : .. https://www.facebook.com/MyanmarHeadlineNews

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ