Tuesday, August 5, 2014

● မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ရတနာ ပန္နက်တော်တင် တွင်းတော်ဝန်းနှင့် ရတနာ အုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနား ကျင်းပ ●








ေေ နေပြည်တော် ဩဂုတ် ၃
ေေ နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ အောင်မောဠိ တောင်ညွန့်ထက်၌ တည်ထားပူဇော်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ရတနာပန္နက်တော်တင် တွင်းတော်ဝန်းနှင့် ရတနာ အုတ်မြစ်တော်စီ မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရုပ်ရှင်တော်မြတ်ကြီး ပရဝဏ်အတွင်းရှိ မဟာ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် ဩဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူး ပြုသော ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင် များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ နိုင်ငံတော် ဩဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာန နာယက ဆရာတော်ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရတနာန၀ရတ် ငွေကြုတ်တော်၊ ရတနာ ပန္နက်တော်၊ ရွှေလက် ရိုက်တော်၊ ရွှေတူးရွင်းတော်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဈေးကုန်း ဆရာတော်ကြီးထံ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးတို့က ပေါက်မြိုင် ဆရာတော်ကြီးထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးတို့က နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက် လာသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသော ပရိတ် တရားတော်များကို နိုင်ငံတော်သမ္မတ အမှူးပြုသော ပရိသတ်တို့က နာယူကြသည်။
ယင်းနောက် အလှူရှင်များက အလှူငွေများကို ပေးအပ် လှူဒါန်းကြရာ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူတို့က လက်ခံ ကြသည်။
ယနေ့တွင် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး တည်ဆောက်ရေး အတွက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ရင်း၊ တပ်ဖွဲ့ မိသားစု၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အလှူရှင်များက စုစုပေါင်း အလှူငွေ ၅၇၁၁ သိန်းကျော်ကို ပေးအပ် လှူဒါန်းခဲ့ကြသည်။
ထို့ပြင် အလှူရှင် ဦးအောင်ခိုင်သိန်း၊ ဒေါ်တိုးတိုးနွယ်(ခိုင်မာတိုးကုမ္ပဏီ)က မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ထုဆစ် ပူဇော်ရန် အတွက် တန် ၁၀၀ အလေးချိန်ရှိ စကျင် ကျောက်တော်အား ပေးအပ် လှူဒါန်းခဲ့သည်။
ထို့နောက် ဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ရတနာပန္နက်တော် စိုက်ထူပူဇော်ခြင်းနှင့် တွင်းတော် တူးဝန်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတဦးသိန်းစိန်က မင်္ဂလာအချိန်တွင် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး တည်ဆောက် ပူဇော်မည့်ဝတ္ထုကံ ပန္နက်တော်ဌာနနှင့် ဂန္ဓကုဋိ ကျောင်းဆောင်တော် အရှေ့မြောက်ထောင့် ပန္နက်တော် ဌာနများ၌ ရတနာပန္နက်တော် ကိုးချက်စိုက်ထူ ပူဇော်၍ ပရိတ် နံ့သာရည်ဖြင့် ပက်ဖျန်း ပူဇော်သည်။
ဆက်လက်၍ ဒုတိယသမ္မတများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က သက်ဆိုင်ရာ ပန္နက်တော် ဌာနများတွင် ရတနာ ပန္နက်တော် ကိုးချက်စီ စိုက်ထူပူဇော်၍ ပရိတ် နံ့သာရည်ဖြင့် ပက်ဖျန်း ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတက အရှေ့မြောက်ထောင့် ပန္နက်တော်ဌာန၌ လည်းကောင်း၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အရှေ့တောင်ထောင့် ပန္နက်တော်ဌာန၌ လည်းကောင်း တွင်းတော် တူးဝန်းပူဇော် ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက သတ်မှတ် နေရာတွင် ထုံးတမ်း အစဉ်အလာနှင့် အညီ နဂါးစာ ကျွေးသည်။
ထို့နောက် ရတနာပိုင် တိုင်တော်တွင် ရတနာ န၀ရတ်တော်များကို ထည့်သွင်း ပူဇော် လှူဒါန်းပြီး ပရိတ် နံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ကာ မင်္ဂလာ အချိန်အခါတွင် ရတနာပိုင် တိုင်တော်အား စက်ခလုတ်နှိပ်၍ စိုက်သွင်း ပူဇော်သည်။
ယင်းနောက် ဆရာတော် သံဃာတော်များ ဦးဆောင်၍ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနား အပြီးတွင် အောင်မောဠိတောင်ညွှန့် စိမ်းလန်း စိုပြည်ရေး အတွက် သစ်ပင် စိုက်ပျိုးပွဲကို ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက် လာကြသူများ သည် သတ်မှတ် နေရာများ၌ ကံ့ကော်ပင်နှင့် ခရေပင်တို့ကို စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ အောင်မောဠိ တောင်ညွှန့်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဖိုးဇောင်း တောင်ပေါ်တွင် တည်ရှိပြီး အမြင့်ပေ ၁၁၅၅ ပေရှိသည်။ ယခု တည်ထားပူဇော်မည့် မဟာသကျရံသီ ရုပ်ရှင် တော်မြတ်ကြီးသည် ဉာဏ်တော် အမြင့်ပေ ၃၂ ပေ ၂ လက်မ ရှိမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ