Wednesday, August 6, 2014

အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဗို့အား ၆၆၀၀ ရှိ ထရန်စဖော်မာ ဓာတ်ကြိုးကိုင်ကာ အဆုံးစီရင်မှု သာကေတတွင် ဖြစ်ပွား



အမျိုးသားတစ်ဦး ဗို့အား ၆၆၀၀ ရှိ ထရန်စဖော်မာ လျှပ်စစ်ဓာတ်ကြိုးအားကိုင်ကာ အဆုံးစီရင်မှု သာကေတမြို့နယ်၊ (၂)ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

သြဂုတ် ၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် သာကေတမြို့နယ် ၊ (၂)ရပ်ကွက်၊ စည်ပင်လိုင်းခန်းနေ ကို.....(၄၅)နှစ်သည် အဆိုပါ (၂) ရပ်ကွက် သဒ္ဓါရုံလမ်းနှင့် အနော်မာလမ်းဆုံရှိ ဗို့အား ၆၆၀၀ ရှိ ထရန်စဖော်မာလျှပ်စစ်ဓာတ်ကြိုးနှစ်ချောင်းအား လက်နှစ်ဖက်ဖြင့် သွားရောက်ကိုင်သဖြင့် ဓာတ်လိုက်ကာ လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ မိသားစုစီးပွားရေးအဆင်မပြေ၍ စိတ်ညစ်နေသူဖြစ်ပြီး တစ်ခါတလေ၌ အရက်ကြောင်ကြောင်ကာ လျှောက်သွားနေတတ်ကြောင်း ယင်းရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သာကေတမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းဝင်းက “သေဆုံးသွားတဲ့သူက အရက်ကြောင်ကြောင်ပြီးတော့ ထရမ်စဖော်မာဓာတ်ကြိုးကို သွားကိုင်မိလို့ဓာတ်လိုက်ပြီး သေသွားတာပါ။ နဂိုက အဲဒီထန်စဖော်မာက ခြံစည်းရိုးခတ်ထားခြင်း မရှိဘူး။ ရပ်ကွက်နေသူတွေအတွက် လျှပ်စစ်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ခြံစည်းရိုးတွေကျကျနနခတ်ပြီး ပိတ်ထားတာ။ ခု သူကဘယ်လိုဝင်ပြီးတော့ ခုလိုဖြစ်သွားတာလဲဆိုတာတော့ မသိပါဘူး။ နောက်ဒီလိုဖြစ်စဉ်မျိုးတွေမဖြစ်အောင် လက်ကမ်းစာစောင်တွေဝေ၊ ဟောပြောပွဲတွေ လုပ်ဖို့ရှိပါတယ်။ လုပ်လည်း လုပ်နေပါတယ်” ဟု သြဂုတ် ၅ ရက် နံနက်ပိုင်းက ပြောကြားသည်။

သေဆုံးသူတွင် သမီးခြောက်ယောက်ရှိကာ အငယ်ဆုံးကို မွေးဖွားသည်မှာ သုံးရက်လောက်သာရှိသေးပြီး ဇနီးသည်မှာ မီးတွင်းထဲ၌ပင် ရှိသေးကြောင်း ၎င်းတို့မိသားစုစီးပွားရေးမှာလည်း အဆင်မပြေကြောင်း၊ ၎င်းမှာ မိသားစုအား ဆိုက်ကားနင်းကာ ကျွေးမွေးနေရသူဖြစ်ကြောင်း ပြောပြခဲ့သည်။ သာကေတမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးဆောင်ရွက်မည်ဟု သိရသည်။

eleven

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ