ပြည်တွင်းရှိဆက်သွယ်ရေးအော်ပရေတာများမှ ရောင်းချသော ဖုန်းများတွင်အချင်းချင်းအပြန်အလှန်ခေါ်ဆိုရာ၌ကျသင့်မည့် တစ်မိနစ်ခေါ်ဆိုခနှုန်းထားများကို ဈေးသက်သာစေရန် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
လက်ရှိတွင် ပြည်ပအော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချခဲ့ပြီး ၎င်းတို့၏ဆင်းမ်ကတ်များဖြင့် အခြား ကွန်ရက်သို့ခေါ်ဆိုပါက ၃၅ ကျပ်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် အဆိုပါနှုန်းထားထက်ပို၍ သက်သာစေရန် အော်ပရေတာအားလုံးနှင့် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်သည်။
‘‘ပြည်တွင်းမှာ အော်ပရေတာတစ်ခုကနေ တခြားအော်ပရေတာရဲ့ ကွန်ရက်ကို ခေါ်မယ်ဆိုရင် ဘယ်လောက်ဆိုတာမျိုးကို တစ်ပြေးညီဖြစ်အောင်လို့ ပြန်ပြီးတော့ညှိနေပါတယ်။ ၃၅ ကျပ်ထက်တော့ ပိုနည်းဖို့ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာဒေါ်စန်းစန်းလွင်ကပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အော်ပရေတာအချင်း အပြန်အလှန်ဖုန်းခေါ်ဆိုခနှုန်းထားများကို အော်ပရေတာ လေး ခုစလုံးနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး နှုန်းထားတစ်ခုသတ် မှတ်ပြီးပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြ၍တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လတ်တလောညှိနှိုင်းမှုများ အရ MPT ၏ ဆင်းမ်ကတ်ဖြင့် အူရီးဒူးဆင်းမ်ကတ်သို့ ခေါ်ဆိုပါက ခေါ်ဆိုခကို အူရီးဒူးက ရရှိမည်ဖြစ်ပြီး အူရီးဒူး၏ ဆင်းမ်ကတ်ဖြင့် MPTသို့ခေါ်ဆိုပါကMPT ရရှိမည့် ခေါ်ဆိုခံရသော အော်ပရေတာက ဖုန်းခေါ်ဆိုခရရှိမည့်စနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day
No comments:
Post a Comment