Pages
▼
Monday, January 12, 2015
ပါရီ အကြမ်းဖက် ဆန့်ကျင်ရေး သမိုင်းဝင် ချီတက်ပွဲသို့ တက်ရောက်ရန် ပျက်ကွက်မှုကြောင့် အိုဘားမား ဝေဖန်ခံနေရ
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး သမိုင်းဝင် လူထုချီတက် ဆန္ဒပြပွဲကြီး၌ ပါဝင်ရန် ပျက်ကွက်ခဲ့ခြင်းက အမေရိကန် သမ္မတ ဘားရတ်အိုဘားမားအပေါ် ဝေဖန်မှုများ မြင့်တက်လာစေခဲ့သည်။
ပါရီမြို့တော်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီး အကြမ်းဖက်ဝါဒကို ဆန့်ကျင်သည့် အဆိုပါ ချီတက်ပွဲ၌ ကမ္ဘာ့နိုင်ငံခေါင်းဆောင် (၄၀)ကျော်နှင့် လူပေါင်း(၃)သန်းမျှ စုရုံးပါဝင်ခဲ့ကြသည်။ သို့သော်လည်း ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည့် အဆိုပါ ချီတက်ပွဲတွင် အကြမ်းဖက်ဝါဒကို အဓိက တိုက်ဖျက်နေသည့် ဦးဆောင်နိုင်ငံဖြစ်သည့် အမေရိကန်မှ သမ္မတ အိုဘားမား မပါဝင်ခြင်းအပေါ် မီဒီယာများက မီးမောင်းထိုး ရေးသားခဲ့သည်။
ထို့အပြင် အမေရိကန် အတိုက်အခံ နိုင်ငံရေးသမားများကလည်း ယင်းကဲ့သို့ သမိုင်းဝင် အခမ်းအနားတစ်ရပ်တွင် အိုဘားမား အနေဖြင့် မဖြစ်မနေ ပါဝင်သင့်ကြောင်း ဝေဖန်ခဲ့ကြသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဂျာမနီအဓိပတိ အန်ဂျလာမာကယ်လ်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူ၊ ပါလက်စတိုင်း အခွင့်အာဏာရ သမ္မတ မာမွတ်အဘတ်စ်တို့သည် အဆိုပါ အခမ်းအနားသို့ တက်ရောက်သည့် နိုင်ငံခေါင်းဆောင်များ စာရင်းတွင် ပါဝင်ခဲ့သည်။
ထို့အပြင် ရုရှားမှ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလော့ဗ်ရော့ဗ်၊ တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူတိုဂလူ၊ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာနှင့် မိဖုရား ရိုင်နီရာတို့ကဲ့သို့ ပုဂ္ဂိုလ်များလည်း ပါရီချီတက်ပွဲတွင် ပါဝင်ခဲ့သည်။ သို့သော် အိုဘားမားသည် ပါရီသို့ သွားရောက်ရန် ပျက်ကွက်ခဲ့သလို ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်ကိုလည်း စေလွှတ်ခဲ့ခြင်း မရှိချေ။ ထို့အပြင် အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါ၊ အမိမြေ လုံခြုံရေးဌာန ဒုတိယဝန်ကြီး အလက်ဂျန်ဒရို မာယော့ကက်စ် တို့သည်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ညီလာခံတစ်ခုအတွက် ပါရီသို့ ရောက်ရှိနေလျက်နှင့် ချီတက်ပွဲတွင် ပါဝင်ရန် ပျက်ကွက်ခဲ့ခြင်းက ဝေဖန်စရာ ဖြစ်နေသည်။ အဆိုပါ ချီတက်ပွဲသို့ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂျိန်းဟတ်လေသာ တက်ရောက်ခဲ့သည်။
Bloomberg သတင်းဌာနက ဝါရှင်တန် ဒီစီမြို့တော်တွင် အိမ်ဖြူတော်နှင့် မဝေးလှသည့် နေရာ၌ အလားတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး ချီတက်မှုတစ်ခု ပြုလုပ်ခဲ့သော်လည်း အမေရိကန် အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးမျှ ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ဟု ရေးသားခဲ့သည်။ အဆိုပါ ချီတက်ပွဲတွင် ဥရောပဒေသဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဗစ်တိုးရီးယား နူလန်တစ်ဦးသာ အဆင့်အမြင့်ဆုံး အစိုးရ အရာရှိအနေဖြင့် ပါဝင်ခဲ့ကြောင်း Bloombergက ဆိုသည်။
Daily Mail သတင်းဌာနက ပါရီမြို့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားအပြီးတွင် သမ္မတ အိုဘားမားက ၎င်းသည် ပြင်သစ်ပြည်သူများနှင့်အတူ ယနေ့တွင် အတူတကွ ရပ်တည်ကြောင်း၊ မနက်ဖြန်တွင်လည်း အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း မိန့်ခွန်းပြောခဲ့သော်လည်း အမှန်တကယ်အားဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ချီတက်မှုတွင် ပူးပေါင်းရပ်တည်ရန် မေ့လျော့နေခဲ့ကြောင်း လှောင်ပြောင်ရေးသားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က တင်နက်ဆီတွင် အိုဘားမားက “ပြင်သစ်ဟာ ကျွန်တော်တို့ရဲ့ သက်တမ်းအရင့်ဆုံး မဟာမိတ် နိုင်ငံဖြစ်ပါတယ်။ ပြင်သစ်ပြည်သူတွေကို သိစေချင်တာက အမေရိကန်ဟာ ဒီနေ့မှာ ခင်ဗျားတို့နဲ့အတူ ရပ်တည်တယ်၊ မနက်ဖြန်မှာလည်း အတူတကွ ရပ်တည်မှာပဲ”ဟု မိန့်ခွန်းပြောကြားခဲ့သည်။
အမေရိကန် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ (၁၁)ရက်က သမ္မတ အိုဘားမားသည် NFL အမေရိကန် ဘောလုံးပွဲစဉ် နှစ်ခုကို ရုပ်မြင်သံကြားမှ စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပွဲစဉ်နှစ်ခုစလုံးသည် ပါရီမြို့ ချီတက်ပွဲ အပြီးတွင်မှ ကစားကြခြင်း ဖြစ်သည်။ ဂျာမနီနှင့် ဗြိတိန် နိုင်ငံ ခေါင်းဆောင်များက ပြင်သစ်သမ္မတ ဖရန့်ကွိုက်စ် ဟော်လန်ဒေးနှင့် အတူပူးပေါင်း ချီတက်နေချိန်တွင် အမေရိကန် သမ္မတက ဘောလုံးပွဲကြည့်ရန် စိတ်ထက်သန်နေကြောင်းလည်း Daily Mail က ရေးသားခဲ့သည်။
ပါရီချီတက်ပွဲတွင် လူပေါင်း များစွာတို့သည် စိတ်တူကိုယ်တူ စုဝေးပူးပေါင်းလာကြပြီး ပြင်သစ်နိုင်ငံ အလံများနှင့် အခြားနိုင်ငံ အလံများကို ဝှေ့ယမ်းကာ ချီတက်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းက အကြမ်းဖက်သမားများက Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဝင်ရောက် ပစ်ခတ်မှုနှင့် စားသောက်ကုန် အရောင်းဆိုင် တစ်ခုကို စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါရီတွင် ယခုကဲ့သို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး သမိုင်းဝင် ချီတက်ပွဲကြီးကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
_Ref: Dailymail

No comments:
Post a Comment