Pages
▼
Monday, January 5, 2015
သုံးနှစ်ကြာရပ်နားထားသော ကချင်ပြည်နယ် မနောပွဲတော် စတင်ကျင်းပ
ကချင်ပြည်နယ်အတွင်း ၂ဝ၁၁ ခုနှစ်မှစ၍ အစိုးရတပ်မတော်နှင့် ကေအိုင်အေ တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပေါ်လာမှုကြောင့် သုံးနှစ်ကြာ ရပ်နားထားသော (၆၇) ကြိမ်မြောက် ကချင်ပြည်နယ် မနောပွဲတော်ကို ဇန်နဝါရီ ၅ ရက်မှ စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
မနောပွဲတော်ကို ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကချင် တိုင်းရင်းသားအနုပညာရှင်များ၊ နိုင်ငံကျော်တေးဂီတအနုပညာရှင်များ၊ တရုတ်နိုင်ငံ ကချင်တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များ၊ တရုတ်နိုင်ငံကုန်စည်ပြပွဲများ၊ မြန်မာနိုင်ငံ ကုန်စည်ပြပွဲများ၊ အစိုးရပြခန်းများ၊ ရိုးရာယဉ်ကျေးမှုပြခန်းများ ပါဝင်ပြသထားကြောင်း သိရသည်။
မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဠ ဦးလခရိလအောင်က “ ဒီနေ့က ကွင်းဖွင့်ပွဲပါ။ ၈ ရက်နေ့ကျမှ မနောအကဖွင့်ပွဲ လုပ်မှာပါ။ အစိုးရနဲ့ ပွဲဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းပြီး ကျင်းပတာပါ။ တရုတ်နိုင်ငံက ကချင်မျိုးနွယ်စုများ၊ အိန္ဒိယနိုင်ငံက ကချင်မျိုးနွယ်စုများ တက်ရောက်မယ်လို့ သတင်းပို့ထားပါတယ်။ အစိုးရဘက်ကတော့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးတွေ၊ နိုင်ငံတကာသံရုံးတွေကို ဖိတ်ကြားထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကေအိုင်အိုဗဟိုအဖွဲ့ဝင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။ တက်ရောက်မယ်၊ မတက်ရောက်ဘူးကတော့ မပြန်ကြားသေးပါဘူး။ လုံခြုံရေးကိစ္စလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ လူ ၃ဝဝ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။
အစိုးရဘက်ကလည်း လုံခြုံရေးဆောင်ရွက်နေတာတွေရှိ ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်သူမှ အနှောင့်အယှက်မရှိနိုင်ဘူးလို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
eleven media

No comments:
Post a Comment