Pages
▼
Friday, November 21, 2014
ပထမဆုံး ကမ္ဘာ့အင်တာနက်ညီလာခံ တရုတ်တွင်ကျင်းပ
နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၄
တရုတ်နိုင်ငံမှာ ပထမဆုံး ကမ္ဘာ့အင်တာနက်ညီလာခံကို နိုဝင်ဘာ ၁၉ ရက်နေ့ကစလို့ ကျင်းပနေပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီကျန်းပြည်နယ်မှာ ကျင်းပတဲ့ ညီလာခံဟာ ကမ္ဘာမှာ တရုတ်ရဲ့ နည်းပညာကဏ္ဍ အဆင့်အတန်းကို ပြသရာ ရောက်သလို၊ အင်တာနက် ထိန်းချုပ်မှု အတိုင်းအဆကို ပြသဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ညီလာခံကို တရုတ်အစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ Cyberspace အုပ်ချုပ်ရေးအဖွဲ့က စီစဉ်တာ ဖြစ်ပြီး တရုတ်အစိုးရ မူဝါဒရေးရာ ချမှတ်သူတွေနဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်သူတွေလည်း တက်ရောက်ပါတယ်။
တရုတ်ပြည်မှာ ထိပ်တန်း နည်းပညာကုမ္ပဏီဖြစ်တဲ့ အလီဘာဘာကုမ္ပဏီ၊ တန်ဆန့်ကုမ္ပဏီ၊ ဘိုင်ဒူကုမ္ပဏီတို့က စီမံအုပ်ချုပ်ရေးမှူးတွေလည်း တက်ရောက်ပါတယ်။
Cyberspace အုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ လူဝေက ဒီညီလာခံဟာ တရုတ် အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်သလို၊ တခြားနိုင်ငံတွေနဲ့ cyberspace မှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
လူဝေဟာ အရင်က တရုတ်အစိုးရက အင်တာနက် ဆင်ဆာပိတ်ပင်တဲ့ ကိစ္စကို တလျှောက်လုံး ခုခံ ဆင်ခြေပေးခဲ့သူ ဖြစ်ပါတယ်။
“ပွင့်လင်းမြင်သာမှု ရှိပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံတကာ အင်တာနက်စနစ် ပေါ်ပေါက်လာဖို့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားမယ်။ မတူညီမှုတွေကို ဖြေရှင်းသွားမယ်” လို့ ဆိုပါတယ်။
ဒီအပတ်ထဲမှာပဲ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ကြေညာချက်အရ အခု ကျင်းပနေတဲ့ ညီလာခံဟာ နိုင်ငံတကာ cyberspace စည်းမျဉ်းစည်းကမ်းတွေမှာ တရုတ်ရဲ့ လွှမ်းမိုးမှု သက်ရောက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး အင်တာနက်လွတ်လပ်ခွင့် ပိတ်ပင်ခံ ထားရဆဲဆိုတာကို ပြသနေတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အင်တာနက် ညီလာခံကို နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment