Sunday, August 9, 2015

NCA အပေါ် SD အဖွဲ့ရဲ့ မရိုးသားတဲ့လုပ်ရပ်


(၉)ကြိမ်မြောက် NCA ဆွေးနွေးပွဲကို သြဂုတ် ၇ ရက်နေ့မှာ UPWC နဲ့ SD တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး သဘော တူညီချက်အချို့လည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီဆွေးနွေးပွဲမှာ အမည်မသိ နိုင်ငံခြားသားတစ်ယောက် ပါဝင်လာတာကတော့ အံ့အားသင့်စရာဖြစ်နေပါတယ်။ ဘယ်အဖွဲ့က ဘယ်သူ့ ခွင့်ပြုချက်နဲ့ ခေါ်လာတာလဲဆိုပြီး ပြည်သူအားလုံးက စိတ်ဆိုးဒေါသထွက်နေကြလေရဲ့။ ကြားရတဲ့ သတင်းတွေအရတော့ အဲဒီနိုင်ငံခြားသားကို UPWC က ခေါ်တာမဟုတ်ဘဲ SD ဘက်ကခေါ်လာတာ လို့သိရပါတယ်။ ဘယ်သူ့ခွင့်ပြုချက်မှမယူဘဲ သူတို့သဘောနဲ့သူတို့ ခေါ်လာတာလို့လည်း သိရပါတယ်။ဒါဟာ ဘာသဘောလဲ။ SD ဘက်က နော်စီဖိုးရာစိန်တို့အနေနဲ့ အစိုးရကို ဘာလို့အသိမပေးဘဲ ဆွေးနွေးပွဲ ထဲခေါ်သွင်း လာတာလဲ။ UPWC ကလည်း ဆွေးနွေးပွဲထဲမှာ မျက်နှာစိမ်းနိုင်ငံခြားသားပါနေတာကို မသိဘူး လား။ ဒီကိစ္စချက်ချင်း လက်ငင်းဖြေရှင်းရမယ့်ကိစ္စလေ။ ဖြစ်နိုင်ရင်အခန်းထဲကနေထွက်သွားပေးဖို့အထိ ပြောလိုက်ရမှာဖြစ်ပါတယ်။ မြင်ရတဲ့ မြင်ကွင်းက တော်တော်လေးလည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ အဲဒီနိုင်ငံခြားသားက KIO အဖွဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာလဂျာနဲ့ ဆင်ဟွားတို့ကို ရပ်ပြီးစကား ပြောနေတယ်။ သူကအဲဒီနှစ်ယောက်ကို အကြံဥာဏ်တွေ ပေးနေတဲ့သဘောဖြစ်နေပါတယ်။

KIO ကိုယ်စားလှယ်တွေ ဦးနှောက်ကောင်းသေးရဲ့လား မေးချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့အရေးကြီးဆုံး ငြိမ်းချမ်းရေး စားပွဲဝိုင်းထဲကို တိုင်းတစ်ပါးက နိုင်ငံခြားသားတစ်ယောက်ကို ခေါ်လာရသလား။ အမေကျော် ဒွေးတော်လွမ်းချင်တာလား ဒါမှမဟုတ် ပထွေးကို အဖေတော်ချင်တာလားပြောပါ။ ဆက်စပ်ကြားရတဲ့ သတင်းတွေအရတော့ SD အဖွဲ့ဟာ အဲဒီနိုင်ငံခြားသားကို အကြံပေးအဖြစ်ခန့်ထားတယ်ဆိုတာပါပဲ။ ဒါဆိုရင် SD ဟာ NCA အပေါ်မရိုးသားတဲ့လုပ်ရပ်ကို ကျူးလွန်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီနိုင်ငံခြားသားက ဘယ်နိုင်ငံကလဲ။ NCA မှာ အသိသက်သေအဖြစ် ပါဝင်ဖို့ သဘောတူထားတာက တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ဖြစ်တယ်။ ဒါတောင် NCA ကိုအပြီးသတ်ချုပ်ဆိုနိုင်မှသာ ပါဝင်ကြမှာဖြစ်ပါတယ်။ NCCT နဲ့ SD ဟာလက်ဝါးချင်းရိုက်ပြီး အစိုးရကိုမထီမဲ့မြင်လုပ်နေပြီဆိုတာ ထင်ရှား နေပါပြီ။ဒါဆိုရင် SD ကို ဘယ်လိုယုံကြည်ရမလဲ။ NCA အပေါ်သူတို့မရိုးသားဘူးဆိုတာ ပေါ်လွင်နေပြီ မဟုတ်လား။ မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ဘာမှမဆိုင်တဲ့ နိုင်ငံခြားသားတစ်ယောက်က၀င်ပြီး Guide Line ပေး ကြိုးကိုင်နေ တာကိုတော့ မြန်မာနိုင်ငံသားအားလုံးက လက်မခံနိုင်ပါဘူး။ SD ကိုယ်စားလှယ်တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် တိုင်းရင်းသားလက်နက်ကိုင်တွေကိုယ်စား အလုပ်မလုပ်ပါနဲ့။ ခေါင်းမရှိတိုင်း နိုင်ငံခြား သားကို ခေါ်သွင်းလာတာ မရှက် ဘူးလား။

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ NCA ဆွေးနွေးပွဲမှာ နိုင်ငံတကာရဲ့အကူအညီကို မဖြစ်မနေ ယူနေတာတွေ့ရ ပါတယ်။ အစိုးရကိုမယုံကြည်လို့ နိုင်ငံတကာကို အကူအညီတောင်းတဲ့သဘော ဖြစ်နေတာပေါ့။ ဒါဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေ သူပုန်လုပ်ပြီး အစိုးရကိုပြန်တိုက်တုန်းကရော နိုင်ငံတကာ အကူအညီယူခဲ့သလား။ နိုင်ငံတကာကို အဲဒီလောက်အထင်ကြီး လိုလားနေပုံထောက်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတကာအကူအညီ အထောက်အပံ့ယူပြီး သူပုန်လုပ်ခဲ့တာ များဖြစ်လေမလား စိုးရိမ်စိတ်ဝင်လာပါတယ်။ ပါးစပ်ကပြောတော့ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းရင်းသားတွေ ကို ချစ်တယ်တဲ့။ လက်တွေ့မှာတော့ နိုင်ငံခြားသားကို အဖေခေါ်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးရဲ့ သိက္ခာကို ချနေလေရဲ့။ ဘာပဲဖြစ်ဖြစ်ဆွေးနွေးပွဲမှာ အဲဒီနိုင်ငံခြားသားကို ခေါ်သွင်းလာတာနဲ့ ပတ်သက်ပြီး အစိုးရဘက်က SD ကိုဖြေရှင်းချက်တောင်းဖို့လိုပါတယ်။ ပြီးရင်ပြည်သူတွေ လက်ခံယုံကြည်လောက်တဲ့ အထိ ဖြေရှင်းပေးဖို့လည်း လိုပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ အားမနာတမ်းပြောရရင် နိုင်ငံခြားသား ခေါ်လာတဲ့လုပ်ရပ်ဟာ NCA အပေါ် SD အဖွဲ့ရဲ့ မရိုးသားတဲ့ လုပ်ရပ်လို့ပဲမြင်ပါတယ်။

ကိုခိုင်
Today Myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ