Monday, August 3, 2015

ရေကြီးမှုများကြောင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းနိုင်သည့်ရက် သြဂုတ် ၁၄ ထိ ထပ်တိုး

လာမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ တင်သွင်းလွှာ ရုတ်သိမ်းခြင်းနှင့် ကိုယ်စားလှယ်လောင်း စီစစ်ခြင်းတို့အတွက် ရက်များထပ်တိုး သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းသို့ ပြင်ဆင်ထပ်တိုးသတ်မှတ်လိုက်သဖြင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမည့်ရက် မှာ ယခင် သြဂုတ် ၈ ရက်မှ သြဂုတ် ၁၄ ရက်သို့ လည်းကောင်း၊ အမည်စာရင်း တင်သွင်းလွှာရုတ်သိမ်း မည့် ရက်မှာ သြဂုတ် ၉ ရက်မှ ၁၁ ရက်အထိဟု ယခင်က သတ်မှတ်ထားသော်လည်း သြဂုတ် ၁၇ ရက်အထိ တိုးမြှင့်လိုက်သည်။

ယင်းအပြင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို စီစစ်မည့်နေ့ရက်ကိုလည်း ယခင်က သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိဆောင်ရွက်မည်ဟုသတ်မှတ်ထားသော်လည်း ယခုတွင်မူ သြဂုတ် ၁၈ ရက်မှ ၂၇ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ပြီဖြစ်သည်။ 

မြန်မာနိုင်ငံတ၀ှမ်းလုံး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များကြောင့် လည်းကောင်း၊ နိုင်ငံရေးပါတီ အချို့၏တင်ပြချက်များကြောင့်လည်းကောင်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း၊ စီစစ်ခြင်း၊ ရုတ်သိမ်းခြင်းတို့ကို ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယင်းအပြင် အမည်စာရင်းတင်သွင်းရန် သွားလာရေးအခက်အခဲရှိသော ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကူအညီတောင်းခံနိုင်သည်ဟုလည်း ထုတ်ပြန် ထားသည်။
မဇ္ဈိမ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ