ရန်ကုန်မြို့၏ အကြီးဆုံးဆည်ဖြစ်သော ငမိုးရိပ်ဆည်သည် ရေပိုလွှဲမှ မကြာမီ ရေကျော်ကျတော့မည်ဖြစ်ပြီး လက်ရှိအချိန်ထိ စိုးရိမ်ဖွယ်ရာမရှိသေးသော်လည်း ရန်ကုန်မြစ်နှင့်ပဲခူးမြစ်တို့ ရေတက်လာပါက ရန်ကုန်မြို့ရှိ မြို့ နယ်အချို့ ရေကြီးနိုင်ကြောင်း ရန်ကုန်တိုင်းဆည်မြောင်းဦးစီးဌာန မှ သတင်းရရှိသည်။
ငမိုးရိပ်ဆည်ရှိ ရေပမာဏသည် သြဂုတ် ၂ ရက်တွင် ရေပိုလွှဲ အောက် ၆ လက်မထိ ရှိခဲ့သော်လည်း နှစ်ရက်အတွင်း ၅ လက်မကျော် မြင့်တက်လာကာ သြဂုတ် ၄ ရက် လက်ရှိအချိန်တွင် ရေပိုလွှဲမှ ရေလျှံကျ ရန် ၀ ဒသမ ၁ လက်မသာ လိုတော့ကြောင်း ဆည်မြောင်းဦးစီးဌာနတိုင်းတာချက်များအရ သိရသည်။
ငမိုးရိပ်ဆည်ရေပိုလွှဲမှ ရေလျှံကျခြင်းမှာ နှစ်စဉ်ဖြစ်လေ့ရှိသော်လည်း ရန်ကုန်မြစ်၊ ပဲခူးမြစ်စသည့် အောက်ပိုင်းဒေသရှိ မြစ်များ၏ ရေတက်ချိန်ဖြစ်သောကြောင့် ယခုထက်ပို၍ ဆည်ရေလျှံကျချိန်၌ ရန်ကုန်မြို့ရှိ မြို့တွင်း မြို့နယ်များနှင့် ငမိုးချောင်းနံဘေးရှိ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံစသည့်မြို့နယ်များတွင် ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်တိုင်းဆည်မြောင်း ဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူး ဦးကံချွန်က ပြောသည်။
ငမိုးရိပ်ဆည်မှ ရေပိုလွှဲရေမှတ်မှာ ပင်လယ်ရေမျက်နှာပြင်မှနေ၍ ၁၀၇ ပေဖြစ်ပြီး ယင်းပမာဏထက် ကျော်လာပါက ရေလျှံကျမည် ဖြစ်သည်။ လက်ရှိအချိန်တွင် ရေမှာ ၁၀၆ ဒသမ ၉၀ ပေ ဖြစ်ပြီးနာရီ အနည်းငယ်အတွင်း ရေလွှတ်ရမည့်အနေအထားဖြစ်နေပြီဖြစ်သည်။ ‘‘အကယ်၍ ၁၁၄ ပေကျော်လာပြီဆိုရင်တော့ ရေကြီးနိုင်တဲ့ မြို့နယ်တွေကို သတိပေးမှုတွေ ပြုလုပ်ရမယ်’’ဟု ငမိုးရိပ်ဆည် ဦးစီးအရာရှိ ဦးခင်မောင်ဌေးက ပြောသည်။ သို့သော် ၁၁၄ ပေသို့ ရောက်ရှိရန် လက်ရှိ မိုးရေချိန်နှင့် မဖြစ်နိုင်သေး၍ စိုးရိမ်စရာမရှိသေးကြောင်း ၎င်းကပြောသည်။
‘‘ဆည်ကရေလွှတ်တယ်။ ရေပိုလွှဲက ရေလျှံတယ်ဆိုတာ သာမန်အားဖြင့်တော့ နှစ်တိုင်း လုပ်နေရတာပဲ။ မထူးဆန်းဘူး။ ရေကျော်ရင် ရေလွှတ်ရတာပါပဲ။ အခုက နေရာတော်တော်များများ လည်း မြစ်ရေကြီးလို့ ဒုက္ခရောက်နေတယ်။ နဂိုငမိုးရိပ်ချောင်း ရေလျှံတာရယ်၊ ရန်ကုန်မြစ် ရေတက်တာရယ်ကြောင့် ဆည်ရေ လွှတ်ရင်ရေပိုကြီးမလား စိုးရိမ်နေကြတာပါ’’ဟု ဦးခင်မောင်ဌေးက ပြောသည်။ ငမိုးရိပ်ချောင်းသည် ပေ ၂၀၀ အကျယ်ရှိသည့် ချောင်းအကျယ်တွင် တစ်စက္ကန့်လျှင်၁၅,၀၀၀ ကုဗပေနှုန်းဖြင့် စီးဆင်းနေပြီး ယင်းပမာဏထက်ပို၍ ရေများလျှင်ချောင်းဘေးတစ်လျှောက်ရှိဒေသများ ရေလျှံနိုင်သည်ဟုဆည်မြောင်း ပညာရှင်များက ပြောသည်။ ငမိုးရိပ်ဆည် မှာ ၂၀၀၇ က စံချိန်တင်ရေလျှံကျခဲ့ပြီး ရေပိုလွှဲထက် ၆ ပေအထိ ကျော်သွားခဲ့ကာ ချောင်းနံဘေးရှိ မြို့နယ်အချို့ ရေကြီးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ငမိုးရိပ်ဆည်အပါအ၀င် တဗူးလှ၊ လဂွမ်းပြင်စသည့် ရန်ကုန်ရှိဆည်ရှစ်ခုစလုံးသည် လက်ရှိအချိန်ထိ စိုးရိမ်စရာမရှိကြောင်း ရန်ကုန်တိုင်းဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးမင်းဆွေက ပြောကြား ထားသည်။ ထို့အပြင် စည်ပင်သာယာရေနှင့် သန့်ရှင်းမှုဌာနက တာဝန်ယူထားသော ရေလှောင်ကန်များ မှာလည်း စိုးရိမ်စရာမရှိကြောင်း အဆိုပါဌာနဌာနမှူးက ပြောကြားထားသည်။
7Day Daily

No comments:
Post a Comment