Friday, August 7, 2015

မဲရုံပိတ်ချိန်နောက်ပိုင်း ကြိုတင်မဲများကို လုံးဝ လက်ခံမည်မဟုတ်ဟု ကော်မရှင်ဆို

ယခုနှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံပိတ်ချိန် လေးနာရီနောက်ပိုင်း ရောက်ရှိ လာသော ကြိုတင်မဲများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကြိုတင်မဲများ မဲရုံသို့ ရောက်ရှိခြင်း နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်းသာ သက်ဆိုင်ရာမဲရုံများက ကြိုတင်မဲများကို လက်ခံရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကြိုတင်မဲအပါအဝင် မဲတွေအားလုံးကို လေးနာရီအထိပဲ လက်ခံရမှာပါ၊ လေးနာရီနောက်ပိုင်းမှာ လုံးဝ လက်မခံဖို့ကို ကျွန်တော်တို့ ကြပ်ကြပ်မတ်မတ် ညွှန်ကြားမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မဲရုံပိတ်ချိန် လေးနာရီမှစတင်ကာ ကြိုတင်မဲများကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူများရှေ့မှောက်တွင် ရေတွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပိတ်ချိန်နောက်ပိုင်းမှ ကြိုတင်မဲများ ရောက်ရှိခြင်းတို့ ဖြစ်ပွားခဲ့ပြီး မဲမသမာမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းပြည်ပရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အရပ်ဘက်အဖွဲ့ အစည်းများက ထောက်ပြ ပြောဆိုခဲ့ကြသည်။

“ဒီရွေးကောက်ပွဲမှာတော့ ကြိုတင်မဲမှာ မသမာမှုဖြစ်မယ်လို့ သိပ်မထင်ဘူး၊ ဘာလို့လဲဆို လူတွေက အဲဒီ အပေါ်မှာ အာရုံစိုက်နေကြတယ်လေ” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့် က ဆိုသည်။

အလားတူ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲကိစ္စ မသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခုနှစ်အတွင်း ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် ယင်းကိစ္စရပ်များ မဖြစ်ပေါ်စေရန် အာမခံ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုထားသည်။

The Voice

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ