Friday, July 17, 2015

နေပြည်တော်မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို သူရဦးရွှေမန်း ကိုယ်တိုင် ရွေးချယ်နေ

နေပြည်တော်ကောင်စီနယ်မြေအတွင်း မဲဆန္ဒ နယ်များတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စား လှယ်လောင်းရွေးချယ်ရေးကိစ္စရပ်များကို ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်ဖြစ်သော နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရှစ်မြို့နယ်တွင် မဲဆန္ဒနယ် ၁၀ ခုအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အောင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း အစရှိသည်တို့ကို ပါတီဥက္ကဋ္ဌကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက် နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောသည်။

‘‘နေပြည်တော်မှာ ဘယ်သူတွေပြိုင်မယ်ဆိုတာ မသိသေးဘူး။ လောလောဆယ်က လျာထားတဲ့သဘောပဲ ရှိသေးတယ်။ အတည်ပြုတာက မထွက်သေးဘူး။ နောက်ပြီး ဒီမဲဆန္ဒနယ်တွေက ဥက္ကဋ္ဌကြီးကိုယ်တိုင် ကိုင်နေတာ။ တခြားပြည်နယ်နဲ့ တိုင်းတွေကတော့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းတာဝန်ခံတွေက ကိုင်တွယ် တာပေါ့’’ဟု ဦးလှမြင့်ဦးက ပြော သည်။

မိမိကိုယ်တိုင်ကမူ အသက်အရွယ် ကြီးမြင့်နေပြီဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြု တော့ဘဲ အနားယူတော့မည်ဖြစ်ကြောင်း ယခင် အစိုးရလက်ထက်က ၀န်ထမ်းရွေးချယ်ရေး လေ့ကျင့်ရေး အဖွဲ့ဝင် (ဒုဝန်ကြီးအဆင့်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပျဉ်းမနားမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် လက်ရှိမဲဆန္ဒနယ်ဖြစ်သော ဇေယျာသီရိမဲဆန္ဒနယ်ကပင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းမဲဆန္ဒ နယ်မှ အမှန်တကယ်ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက တပ်မတော်သားအများစုရှိနေသော အဆိုပါနေရာ၌ အနိုင်ရရှိရေးမှာ မသေချာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မဲဆန္ဒနယ်များ၌ ယခင်အစိုးရ လက်ထက် ထိပ်သီးပုဂ္ဂိုလ်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သမ္မတအပါအ၀င် အစိုးရအဖွဲ့သို့ ရောက်ရှိသွား သဖြင့် လစ်လပ်သောမဲဆန္ဒနယ် လေးခုအတွက်ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ မှ လူငယ်ကိုယ်စားလှယ်များက အနိုင်ရရှိခဲ့သည်။

7day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ