ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အာဖရိက အနောက်ပိုင်း နိုင်ငံများတွင် ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါသည် နိုင်ငံတကာ အတိုင်းအတာထိ ခြိမ်းခြောက်နိုင်သည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်သည်။
ဩဂုတ်(၈)ရက်တွင် WHO ၏ အီဘိုလာရောဂါသည် အနောက်အာဖရိက ဒေသမှ ကျော်လွန်ကာ တစ်ကမ္ဘာလုံးကို ကူးစက်နိုင်သည့် ကျန်းမာရေး ခြိမ်းခြောက်မှုကြီး တစ်ရပ်အဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်မှုကြောင့် လူပေါင်း(၁၀၀၀)ကျော်ထိ သေဆုံးခဲ့ပြီး ဖြစ်သည်။
ဩဂုတ်(၇)ရက်တွင် အမေရိကန် ကျန်းမာရေး အာဏာပိုင် အဖွဲ့များက အီဘိုလာ ကူးစက်မှုသည် အနောက်အာဖရိက ဒေသတွင်းမှ မလွဲမသွေ နယ်ကျော်လာနိုင်ကြောင်း ဝန်ခံခဲ့သည်။ ထို့အတူ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ကြောက်မက်ဖွယ် အီဘိုလာ လူသတ်ဗိုင်းရပ်စ်၏ ကူးစက်မှုကို ထိန်းချုပ်၍ မရနိုင်သည့် ယိုပေါက်နေရာ (၆၀)ကျော် ရှိနေကြောင်း ကြေညာခဲ့သည်။
WHO ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန်းက ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့် လတ်တလော ရောဂါဒဏ် အဆိုးရွားဆုံး ခံနေရသည့် နိုင်ငံများကို တတ်စွမ်းသမျှ အစွမ်းကုန် ထောက်ပံ့ကူညီပေးကြပါရန် ပန်ကြား ဆော်ဩခဲ့သည်။ “လက်ရှိ အီဘိုလာ ကူးစက်မှုတွေဟာ ဆယ်စုနှစ် (၄)ခုတာ ကာလအတွင်း အရှုပ်ထွေးဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကျွန်မအနေနဲ့ လက်ရှိရောဂါ ကူးစက်မှုတွေကို အများပြည်သူ အားလုံးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အဖြစ် နိုင်ငံတကာ အဆင့်သတ်မှတ်ပြီး ကြေညာအပ်ပါတယ်”ဟု ချန်းက ပြောကြားခဲ့သည်။
ယခုအခါ အာဖရိက အရှေ့ပိုင်းဒေသရှိ ယူဂန္ဓာ နိုင်ငံတွင်ပင် အီဘိုလာ ကူးစက်သည်ဟု ယူဆရသော အခြေအနေများ စတင်တွေ့ရှိနေပြီဟု သိရသည်။ “ဒါဟာ သတိပေးချက် တစ်ခုပဲ။ အဲဒီသတိပေးမှုကလည်း တစ်ကမ္ဘာလုံး ဒီကိစ္စကို ဝိုင်းဝန်းပူးပေါင်း ကူညီဖြေရှင်းဖို့ လိုအပ်နေပြီ ဆိုတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်”ဟု ချန်းက မှတ်ချက်ပြုခဲ့သည်။
WHO၏ စာရင်းများအရ ယခုနှစ်အတွင်း အီဘိုလာ ကူးစက်ခြင်း ခံရသူ (၁၇၀၀)ကျော် ရှိခဲ့ပြီး အနည်းဆုံး လူပေါင်း(၉၃၂)ဦးထိ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ လတ်တလောတွင် လိုက်ဘေးရီးယား၊ ဂီနီရာနှင့် ဆီအာရာလီယွန် နိုင်ငံများတွင် အီဘိုလာကူးစက်မှုနှင့် ပတ်သက်ပြီး သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်သတ်မှတ်ထားသည်။
_Ref: Channelnewsasia
7Day
No comments:
Post a Comment