အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ချက်ဖြင့် Instagram ပေါ် လွှင့်တင်ခဲ့သော ဓာတ်ပုံတစ်ပုံကြောင့် မက်ဒေါနားအနေဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ကြုံနေရသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြပုံကို ဖော်ကျူးသည့် အနေဖြင့် မက်ဒေါနားက အစ္စလာမ်ဘာသာရေးကို ကိုယ်စားပြုသူနှင့် ဂျူးဘာသာရေးကို ကိုယ်စားပြုသူ အမျိုးသား အကသမားနှစ်ဦးကြား သူမ ဝင်ရပ်နေသည့် ဓာတ်ပုံကို အင်တာနက်ပေါ် တင်ထားခဲ့သည်။
အကသမား နှစ်ဦးအနက် တစ်ဦး၏ ဝမ်းဗိုက်တွင် အစ္စလာမ်မစ် ဘာသာရေး၏ သင်္ကေတတစ်ရပ်ဖြစ်သည့် လနှင့်ကြယ်ကို ရေးခြယ်ထားပြီး ကျန်တစ်ဦးတွင် ဂျူးဘာသာရေး၏ သင်္ကေတဖြစ်သည့် ခြောက်မြှောင့်ပုံ ဒေးဗစ်ကြယ်ပုံ ရေးဆွဲထားသည်။ အသက်(၅၅)နှစ်ရှိ မက်ဒေါနားက အဆိုပါ ဓာတ်ပုံကို လွှင့်တင်လိုက်ပြီး မိနစ်ပိုင်းအတွင်း ပါလက်စတိုင်း လိုလားသူများနှင့် ဂျူးလိုလားသူများက အပြန်အလှန် မှတ်ချက်များရေးပြီး စကားလုံးများဖြင့် စစ်ဖြစ်ခဲ့ကြောင်း သိရသည်။
မက်ဒေါနား၏ ပရိသတ် အချို့ကလည်း သူမ၏ လုပ်ရပ်သည် အနှစ်သာရ ကင်းမဲ့လွန်းကြောင်း ဝေဖန်ခဲ့ကြသည်။ မက်ဒေါနားက အဆိုပါ ဓာတ်ပုံနှင့်အတူ “ခွဲခြားဆက်ဆံမှု မရှိပါဘူး။ ကျွန်မတို့ အားလုံးရဲ့ သွေးတွေဟာ အရောင်အတူတူပါပဲ။ #အပစ်အခတ်ရပ်စဲရေး #အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး #ချစ်မေတ္တာအတွက် ရှင်သန်ရေး”ဆိုသော စာတန်းကိုလည်း ရေးသားထားခဲ့သည်။
မက်ဒေါနားသည် အဆိုပါဓာတ်ပုံကို ဇူလိုင်(၃၁)ရက်က အင်တာနက်ပေါ် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ တစ်ရက်က ဟီးဘရူး (ဂျူး)ဘာသာနှင့် အာရပ်စကားလုံးများကြား ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်လေးတစ်ကောင် ပျံသန်းနေဟန် ဖန်တီးထားသည့် ပုံတစ်ပုံကို Istagram တွင် ဖော်ပြခဲ့သေးကြောင်း သိရသည်။
7Day
No comments:
Post a Comment